၂၂၊ မတ်
ဧရာဝတီတိုင်း၊ မအူပင်မြိုနယ်မှာ စစ်ကောင်စီက ပျူစောထီးအဖွဲ့တွေပေါင်းပြီး လူငယ်တွေကို အတင်းဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
“ သူတို့က လူ ၂၀ လောက်ရှိတယ်။ စစ်သားတွေက ဝတ်စုံပြည့်နဲ့ ၊ ပျူတွေက အရပ်ဝတ်တွေနဲ့ဆိုပေမယ့် တုတ်တွေပါတယ်။ ဝိုင်းချုပ်ပြီးဖမ်းသွားတာပဲ ” လို့ စစ်မှုထမ်းအတွက် အဖမ်းခံခဲ့ရပြီး လက်ရှိမှာ ထွက်ပြေးလွတ်မြောက်လာသူက DNA ကိုပြောပါတယ်။ သူနေထိုင်ရာရပ်ကွက်က မြို့စွန်ကျပြီး လူနေအိမ်ကျဲပါးတာရယ်၊ စစ်မှုထမ်းဖို့အတွက် ဒီလိုမျိုးအတင်းဖမ်းဆီး ခေါ်ဆောင်သွားတဲ့အကြောင်း သတင်းထွက်ရင် မိသားစုပါ ဖမ်းဆီးခံရမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေပါ ရှိတယ်လို့ သူကဆိုပါတယ်။
မအူပင်မြို့နယ်၊ ၁ ရပ်ကွက်မှာ နေထိုင်ကြသူတွေကလည်း ဒီလိုအဖြစ်မျိုးတွေ ရပ်ကွက်ထဲမှာ မကြာခဏဖြစ်ပွားတဲ့ အကြောင်းကို အတည်ပြုပါတယ်။ “ အခုက ပျူတွေကိုရှေ့ထွက်ခိုင်းတဲ့သဘောပဲ။ တခုခုလုပ်ဖို့လိုရင် စစ်သားတွေက လက်နက်နဲ့ လူနည်းနည်းပါရင်ရပြီ။ ကျန်တာတွေကို ပျူတွေကလုပ်တာ။ သူတို့က နယ်ခံတွေလည်းဖြစ်ကြတော့ လူတွေကိုလည်း သိတယ်။ ဘယ်သူတွေက ကြောက်တတ်တယ်။ ဘယ်သူတွေကဘယ်လိုဆိုတာမျိုးပေါ့ ” လို့ အမည်မဖော်လိုတဲ့( ၁ )ရပ်ကွက်သားက ရှင်းပြပါတယ်။
မအူပင်ဇာတိဖြစ်ပြီး လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့သူတချို့ကတော့ ပျူစောထီးတွေရဲ့ စာရင်းတွေကို အတိအကျရရှိထားပြီဖြစ်ပြီး လှုပ်ရှားခွင့်ရတာနဲ့ ပျူတွေ အခုလိုမျိုးလုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုကြပါတယ်။
မအူပင်မြို့နယ်က ပျူစောထီးတွေဟာ စစ်မှုထမ်းအတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့ လုပ်ရပ်တင် မဟုတ်ဘဲ စစ်ကောင်စီရဲ့ ယန္တရားတွေ အကုန်လုံးမှာ ပါဝင်လုပ်ဆောင်နေကြပြီး သူတို့ကို ဆန့်ကျင်ကြသူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ငါတို့နားမှာဆိုရင် ရခိုင်အိမ်တအိမ်ရှိတယ်။ သူတို့ကလည်း ဟိုးအရင်ကတည်းကပဲနေကြတာ အသစ်တွေမဟုတ်ဘူး။ အဲ့ဒါကို ရခိုင်အိမ်မို့လို့ဆိုပြီး ငွေညှစ်တယ်။ မကြာခဏ တအိမ်လုံးကိုလှန်လှော ရှာတာတွေလုပ်တယ်။ အဲ့ဒါကိုလည်း အဲ့ဒိ ပျူတွေပဲလုပ်နေတာ ” လို့ မအူပင် DNA သတင်းရင်းမြစ်က ဆိုပါတယ်။
ဧရာဝတီတိုင်းဟာ ယခင်ကတည်းက စစ်ကောင်စီ အားကောင်းတဲ့နေရာဖြစ်သလို မအူပင်မြို့နယ်ဟာလည်း စစ်ကောင်စီအပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ဒေသဖြစ်တာကြောင့် ပျူတွေက ဒေသခံတွေကို အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတာဟာ တနှစ်ဝန်းကျင်လောက်ရှိနေပြီလို့ သိရပါတယ်။