မတ်လ ၂၁
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ ဂွေးတောက်ကျေးရွာအုပ်စု ၊ ဂွေးတောက်ကွပ်သစ်ကျေးရွာမှာ သတ်မှတ်အသက် ပြည့်မီပြီး စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်သူ လူစာရင်းကို စစ်ကောင်စီဘက်က ပြုစုနေတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ်တွေကို ဝရမ်းပြေးအဖြစ်ကြေညာဖို့ စာရင်းလာကောက်တာ” လို့ ဂွေးတောက်ကွပ်သစ်ကျေးရွာမှာ နေထိုင်သူက ပြောခဲ့ပါတယ်။ ရေကြည်မြို့နယ် ၊ ကုန်းပြင်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၉ ရက် က လက်နက်အပြည့်အစုံနဲ့ ကျေးရွာအတွင်းမှာ နေအိမ်တွေကနေ တိမ်းရှောင်နေတဲ့ လူငယ်စာရင်းကို လာရောက် စာရင်းပြုစု သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ အတွင်းကလည်း ငသိုင်းချောင်းမြို့နယ်ထဲမှာ စစ်မှုမထမ်းလိုတဲ့အတွက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေကို စာရင်းပြုစုပြီး ဝရမ်းပြေးတွေ အဖြစ် ကျေးရွာတွေမှာ လိုက်လံကြေညာခဲ့ပါသေးတယ်။ အရင်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး မဲနှိုက်ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးခဲ့ပေမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းက စပြီး မဲနှိုက်ရွေးချယ်တာ ၊ ကြိုတင်အသိပေး အကြောင်းကြားတာတွေ မလုပ်တော့ဘဲ နေအိမ်အရောက် စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီးတဲ့ စနစ်မျိုးကို ပြောင်းလဲကျင့်သုံနေတယ်လို့ သိရပါတယ်။
“ရွာမှာ လူငယ်တွေ မရှိကြတော့ဘူး။ ရောဂါသည် လူငယ်တွေပဲ ကျန်တော့တာ။ ပြီးခဲ့တဲ့လက (ဖေဖော် ဝါရီ) ရွာထဲက အရက်သမား သုံးယောက်ကို ပေါ်တာဆွဲသွားတယ်” လို့ ဟင်္သာတမြို့နယ် တလုတ္ထော် တိုက်နယ်မှာနေထိုင်သူ တစ်ဦးကပြောပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းက ရေကြည် ၊ ဟင်္သာတ ၊ သာပေါင်း ၊ လေးမျက်နှာ အစရှိတဲ့မြို့နယ်တွေမှာ စစ်ကောင်စီက နေအိမ်မှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်စာနဲ့အတူ တစ်ပါတည်းခေါ်သွားတာတွေ ပြုလုပ်နေပါတယ်။
စစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း သူတို့ရဲ့ စစ်မှု့ထမ်းဆင့်ခေါ်ရေး အဖွဲ့တွေဟာ ဥပဒေနဲ့အညီ မလုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ မတ်လ ၂၀ (မနေ့က) ကလောတပ်နယ်က တပ်မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့ပါတယ်။
၂၀၂၄ ဖေဖေါ်ဝါရီလ ၁၀ရက် ကတည်းက အာဏာတည်စေခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းပြီး သတ်မှတ်အရည်အချင်းတွေ နဲ့ ပြည့်စုံသူများသာ ဥပဒေနဲ့ အညီသင်တန်းဖွင့် ခန့်အပ်တာဝန်ပေးမယ်လို့ ဆိုပေမယ် မြေပြင်မှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် အပြင် ၊ ပျူစောထီးအဖွဲ့ဝင်တွေကပါ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တွန်းလှန်စစ်ကို နိုင်ငံနေရာအနှံ့မှာ ရင်ဆိုင်နေရပြီး အရေးနိမ့် ၊ အင်အားပြုန်းတီးမှုတွေကြောင့် လူငယ်တွေကို အင်အားသစ် စုဆောင်း ၊ ကာလတိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေတာကြောင့် လူငယ်တွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။