Photo – doca
မတ်၊ ၁၅
ဧရာဝတီတိုင်းမှာ နွေစပါးစပေါ်တဲ့ အခုမတ်လ ဒုတိယပတ်အတွင်း စပါးစျေးကောင်းမရတဲ့အပြင် ဆန်၊ စပါး ကုန်သည်တွေကလည်း ဝယ်ယူမှုနည်းနေသေးတာကြောင့် လယ်သမားတွေ အခက်ကြုံနေရတယ်လို့ လယ် သမားတွေဆီကနေသိရပါတယ်။
“သူတို့က(စစ်ကောင်စီ) စျေးသတ်မှတ်လိုက်တော့ ကုန်သည်တွေက မဝယ်ရဲတော့ဘူး၊ လယ်သမားကလည်း မရောင်းလို့မဖြစ်ဘူး၊ မြေဆီ၊ ပိုးသတ်ဆေးတွေဝယ်ထားရတာ အကြွေးတွေဆပ်ဖို့ ရတဲ့စျေးနဲ့ရောင်းနေရတာ” လို့ ဖျာပုံမြို့နယ်ထဲက တောင်သူတဦးက DNA ကို ပြောပါတယ်။
စျေးကောင်းတဲ့ကာလတွေမှာ တင်းတရာ သိန်းနှစ်ဆယ်ဝန်းကျင်အထိပေါက်တဲ့ နွေစပါးဟာ လက်ရှိမှာတော့ အတင်းတရာစျေးနှုန်း ၁၅ သိန်းဝန်းကျင်သာ ရှိနေပြီး မြို့နယ်အလိုက် အနည်းငယ် ကွဲပြားမှုတော့ ရှိတယ်လို့ သိရပါတယ်။
“(စျေးကတော့) နည်းတာပေါ့၊ အဲစျေးနဲ့လည်း ဝယ်သူကို မရှိတာ” လို့လက် အထက်ပါ တောင်သူက ပြောပါတယ်။
လယ်သမားတွေအနေနဲ့ စိုက်ပျိုးရေးစရိတ်သွင်းအားစုတွေဈေးနှုန်း မြင့်မားတာနဲ့ ကြုံခဲ့ရသလို စပါးထွ က်တဲ့ အချိန် အခုလို စျေးမကောင်းတာနဲ့ပါ ကြုံနေရတာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နွေစပါးထွက်ချိန်တုန်းကတော့ စပါးတင်း တရာကို ကျပ် ၂၅သိန်းလောက်အထိပေါက်ဈေးရှိခဲ့တာလို့သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ ဆန်ကုန်သည်တဦးကတော့ ဆန်ကုန်သည်တွေအနေနဲ့ကလည်း လက်ရှိ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဆန်ရည်ညွှန်းစျေးအရ တွက်ချေမကိုက်တာကြောင့် စပါးဝယ်ယူဖို့ လက်တွန့်နေကြတာလို့ ပြောပါတယ်။
“ဘာလို့ဆို မြတ်မှမမြတ်တာကိုး၊ စပါးတရာကို ၁၄ သိန်းနဲ့ဝယ်တယ်ထားအုံး၊ ကြိတ်ပြီးပြန်ရောင်းရင် အခုစျေးအရဆို ၁၅ သိန်းခွဲကျော်ရမယ်၊ ဒါပေမယ့် ကြိတ်ခ၊ ကုန်ထမ်းခ၊ အလုပ်သမားခတွေနဲ့ဆို မကျန်ဘူး၊ နောက်ပြီး စပါးဝယ်တာက အကြွေးဝယ်လို့မရဘူး၊ ဒါပေမယ့် ဆန်ပြန်ရောင်းတာကကျ ပိုက်ဆံရဖို့ တပတ်၊ ဆယ်ရက်စောင့်ရတာပဲ” လို့ သူက DNA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အခုမတ်လအတွက် ရည်ညွှန်း ဆန်စျေးနှုန်းအရတော့ ပြည်ပတင်ပို့တဲ့ ၂၄ ပြည်ပါ ၂၅ မှတ် ဆန်တအိတ်ကို အမြင့်ဆုံး ခြောက်သောင်းရှစ်ထောင်ကျပ်ရှိပါတယ်။
၂၅ မှတ်ဆန်ဆိုတာကတော့ ဆန်တအိတ်မှာ ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်ပြီး ဧရာဝတီတိုင်းအတွင်း ထုတ်လုပ်မှုအများဆုံးထဲပါတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုလို ရည်ညွှန်း ဆန်စျေးအတိုင်း မရောင်းချတဲ့ ဆန်ကုန်သည်တွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူမယ်လို့ ထုတ်ပြန်ထားပြီး အရင်ကလည်း ရည်ညွှန်းစျေးအတိုင်း မရောင်းလို့ဆိုကာ ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။
“ခေတ်ကောင်းလို့ရှိရင်တော့ ပိုက်ဆံရှိတဲ့ သူတွေက စပါးတွေကို ဝယ်ပြီး သိုလှောင်ထားတာရှိတယ်၊ လှောင်လက်တွေကလည်း ခေတ်မကောင်းတော့ ဝယ်မလှောင်ရဲကြတော့ဘူး” လို့လည်း အထက်ပါ ဆန်ကုန်သည်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအခြေအနေအရ ပြည်ပကနေ ဆန်အမှာ အရနည်းတာကလည်း ဆန်၊ စပါးစျေးနှုန်းအပေါ် သက်ရောက်မှုရှိတယ်လို့ သူကဆိုပါတယ်။
“ပုံမှန်ဆိုရင် နိုင်ငံခြားက စာချုပ်တွေရှိတယ်၊ စာချုပ်သက်တမ်းကုန်ခါနီး ပစ္စည်းပြည့်ဖို့ လိုအပ်ချက်ရှိနေရင်၊ ကုမ္ပဏီတွေက စျေးတင်ပေးပြီးတော့ ဝယ်ကြတယ်၊ အဲလို ကာလမျိုးဆိုရင်တော့ ဆန်စျေးတက်လေ့တက်ထရှိတယ်၊ ဒါပေမယ့် အခုလို နိုင်ငံရေးကာလတွေမှာဆိုရင် စာချုပ်တွေက သိပ်မရှိဘူး၊ ကုမ္ပဏီတွေကလည်း ရည်ညွှန်စျေးထက်ပိုပြီး စျေးတင်ပေးပြီးဝယ်လို့မရဘူး” လို့ သူက ပြောပါတယ်။