Photo – မြဝတီ
ဖေဖော်ဝါရီ၊ ၂၀
တိုင်းနဲ့ပြည်နယ်တချို့က တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေကို စစ်ကောင်စီက စစ်သင်တန်းတွေတက် ခိုင်းနေတာဟာ ကျောင်းသားတွေကို စစ်မှုထမ်းစေဖို့ဖြစ်လာနိုင်တဲ့အလားအလာတွေရှိနေတာကြောင့် ကျောင်း သားတွေနဲ့ သူတို့ရဲ့မိဘတွေ စိုးရိမ်နေကြပါတယ်။
“တက္ကသိုလ်တွေထဲမှာ စစ်သင်တန်းပေးမယ်ဆိုတဲ့ သတင်းတွေ့ကတည်းက ကျွန်တော်ဘာလုပ်ရမှန်းမသိ ဖြစ် နေတာ၊အစက ကျောင်းအပ်ထားရင် စစ်မှု မထမ်းရဘူးဆိုလို့ ကျောင်းအပ်ပြီး အတက်ပြနေတာ ခုတော့ တကယ် ကို လမ်းပျောက်ရတယ် ” လို့ ဟင်္သာတ တက္ကသိုလ်မှာ အဝေးသင်တက်ရောက်နေတဲ့ အသက်နှစ်ဆယ်အရွယ် ကျောင်းသားတဦးကပြောပါတယ်။
စစ်မှုထမ်းဥပဒေ အသက်သွင်းမှုတနှစ်ပြည့်ချိန် လက်ရှိ ၂၀၂၄-၂၅ပညာသင်နှစ်ကစလို့ နိုင်ငံတဝန်းတက္ကသိုလ်တွေ က လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမ၊ကျောင်းသား/ကျောင်းသူတွေကို အခြေခံနဲ့ တန်းမြင့်စစ်ပညာသင်တန်း တွေဖွင့်လှစ် သင်ကြားပေးနေတယ်လို့ စစ်ကောင်စီက အခုလ ၁၀ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်သင်တန်းတွေဟာ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်ရရှိဖို့နဲ့ အနာဂတ်နိုင်ငံ့တာဝန်တွေ ထမ်း ဆောင်တဲ့အခါ အထောက်အကူရဖို့လို့ စစ်ကောင်စီကဆိုထားသလို သင်တန်းတက်ရောက်သူတွေဟာလည်း ကိုယ် တိုင်ဆန္ဒပြုတဲ့ ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူတွေလို့ ဖော်ပြပါတယ်။
အထက်ပါ အသက်နှစ်ဆယ်အရွယ် အဝေးသင် တက္ကသိုလ်ကျောင်းသားရဲ့မိခင်ဖြစ်သူ ဒေါ်နုတင်ကတော့ စစ် ကောင်စီက အခုလို တက္ကသိုလ်တွေမှာအထိ စစ်သင်တန်းဖွင့်လာတဲ့အပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။
“ကျွန်မရဲ့ သားသမီး လေးယောက်မှာ သူက အကြီးဆုံးပါ။ အဝေးသင်တက်ပြီး တဖက်မှာလည်း အလုပ်လုပ်ရင်း ရှာကျွေးနေတာပါ။ သူ့ညီလေးကလည်း မကြာခင် ၁၈ ပြည့်တော့မှာ ဘာလုပ်ရမှန်းကို မသိဘူးဖြစ်နေပြီ ” လို့သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းသားဖြစ်သူကို စစ်မှုထမ်းနာမည်ပါတယ်ဆိုပြီး အသိပေးလာတာကြောင့် သားဖြစ်သူ စစ်မှုထမ်းရမယ့်အရေးကင်းလွတ်ဖို့ တက္ကသိုလ်တက်နေဆဲကျောင်းသားတဦးဖြစ်ကြောင်း အချက်အလက်တွေပြ ခဲ့ရသလို ငွေကျပ်ဆယ်သိန်းလည်း ပေးခဲ့ရတယ်လို့ ဒေါ်နုတင်က ဆက်ပြောပါတယ်။
သူတို့မိသားစုဟာအာဏာမသိမ်းခင်က စီးပွားလေးအဆင်ပြေချောမွေ့ခဲ့ပေမယ့် အာဏာသိမ်းမှုကြောင့် ဆန္ဒပြရာက အမျိုးသားဖြစ်သူ အဖမ်းခံရတဲ့နောက် သားသမီး လေးယောက်ကိုဒေါနုတင်တဦးတည်း စောင့်ရှောက်ရင်း အခုတော့ အရင်က စုဆောင်းခဲ့သမျှကုန်ပြီလို့ သူကဖွင့်ဟပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စစ်ကောင်စီက စတင်အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေပါပြဌာန်းချက် တွေအရဆိုရင်တော့ ပညာသင်ကြားနေသူတွေဟာ စစ်မှုထမ်းဆောင်ရမယ့်တာဝန်ကနေ ယာယီရွှေ့ဆိုင်းနိုင်တဲ့ အုပ်စုထဲမှာ အကျုံးဝင်ပါတယ်။
ကျန်းမာရေးအဆင့်မမီသူ၊နိုင်ငံ့ဝန်ထမ်း၊ပညာသင်ကြားနေသူ၊ပြုစုမယ့်သူမရှိတဲ့ မိအိုဖအိုတွေကို ပြုစုလုပ် ကျွေး နေသူ၊မူးယစ်ဆေးဖြတ်ဖို့ ဆေးကုသနေသူ၊ထောင်ကျနေသူတွေဟာ စစ်မှုထမ်းဆောင်ရမယ့် တာဝန်ကနေယာယီ ရွှေ့ဆိုင်းနိုင်သူတွေလို့ အဲ့ဒီဥပဒေကဆိုပါတယ်။
ဒါပေမယ့် စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရတဲ့အခါ ရွှေ့ဆိုင်းခွင့်တင်ပြဖို့လိုအပ်ပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ် ရေး အဖွဲ့အဆင့်ဆင့်ဆီက အတည်ပြုချက်ရမှသာ ရွှေ့ဆိုင်းခွင့်ရမှာပါ။
ဒါ့အပြင် ရရာနည်းလမ်းတွေနဲ့ အတင်းအဓမ္မလူသစ်စုဆောင်းနေတဲ့ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ အုပ်ချုပ် ရေးအဖွဲ့တွေရဲ့ လုပ်ကိုင်ပုံတွေကြောင့် အဲ့ဒီဥပဒေပြဌာန်းချက်အတိုင်းဖြစ်လာမယ်ဆိုတဲ့အာမခံချက်ရှိမနေပါဘူး။
အလားတူ စစ်ကောင်စီက ထပ်မံပြဌာန်းတဲ့ စစ်မှုထမ်းနည်းဥပဒေမှာလည်း အရေးပေါ်အခြေအနေပေါပေါက် လာရင် တနိုင်ငံလုံးက စစ်မှုထမ်းရမယ့် အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမယ်လို့ ဆိုထားပြန်ပါသေးတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း လက်နက်ကိုင်ခုခံတော်လှန်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ စစ်မှု ထမ်းဥပဒေကိုအသက်သွင်းပြီးနောက် တနှစ်အတွင်း စစ်သင်တန်းအပတ်စဉ် ကိုးခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး တပ် သားသစ်အင်အား လေးသောင်းပတ်ဝန်းကျင်လောက်ကိုနည်းလမ်းမျိုးစုံနဲ့ စုဆောင်းခဲ့တယ်လို့ လေ့လာစောင့် ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။
လက်ရှိ အခြေခံနဲ့တန်းမြင့်စစ်ပညာသင်တန်းပေးမှုကိုတော့ ဧရာဝတီတိုင်းထဲကပုသိမ်မြို့ အပါအဝင် နေပြည် တော်၊တောင်ကြီး၊မော်လမြိုင်၊ရန်ကုန်၊တောင်ငူစတဲ့ မြို့တွေက နယ်မြေခံသင်တန်းကျောင်း တွေမှာ တက္ကသိုလ် ကျောင်းသား၊ကျောင်သူတွေနဲ့ဆရာ၊ဆရာမ စုစုပေါင်း ၁၅၀၀လောက်ကို သင်ကြားပေးနေတာလို့ စစ်ကောင်စီ ကဆိုထားပါတယ်။
အဲ့ဒီသင်တန်းတွေမှာ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်း မြင့်စစ်ပညာသင်တန်းနဲ့ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတွေကို သာမန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့် ချိန်အလိုက်သင်ကြားပေးနေတာလို့ သိရပါတယ်။
“ဒါက အာပလာပါလို့ တွေးလို့မရဘူး ဒီကောင်(စစ်ကောင်စီ)တွေက မလုပ်ရဲတာ ဘာမှမရှိဘူး၊ လုပ်ချင်ရင်လည်း ဘာမှမကြည့်ပဲ လုပ်တဲ့ကောင်တွေဆိုတော့ သတိထားတာ အကောင်းဆုံးပါပဲ ” လို့ ဧရာဝတီတိုင်းဒေသခံ အဝေး ပြေးယာဉ်မောင်းတဦးက အဲ့ဒီသင်တန်းတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုပြောပါတယ်။
ဧရာဝတီတိုင်းထဲက တော်လှန် ရေးအင်အားစုတွေကတော့ စစ်ကောင်စီက အခုလို စစ်သင်တန်းတွေ ဖွင့်လာတာ ဟာ တက္ကသိုလ်တွေမှာ တက်ရောက်နေကြတဲ့ Non-CDM ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို စစ်မှုထမ်းဖို့ စီစဉ်လာနိုင်တယ်လို့ DNA ကိုပြောပါတယ်။
ဧရာဝတီတိုင်း လွှတ်တော် ကိုယ်စားပြုကော်မတီဝင်တွေထဲက တဦးကတော့ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် လူငယ်တွေ လွတ်မြောက်နယ်မြေကို တိမ်းရှောင်ဖို့ သက်ဆိုင်ရာ နယ်မြေတွေက တာဝန်ခံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်လို့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ တနှစ်တာအတွင်း စစ်မှုထမ်းရမယ့်အရေး တိမ်းရှောင်ရှောင်လိုသူဧရာဝတီဒေသခံ ထောင်နဲ့ချီကို ချိတ်ဆက် ကူညီပေးနိုင်ခဲ့တယ်လို့လည်း သူကပြောပြပါတယ်။
“ကျွန်တော်တို့ ဆီကိုဆက်သွယ်ပါ။ အခြေအနေကို ရှင်းပြလို့ရပါတယ်။ ကျွန်တော်တို့ဆီကို ဆက်သွယ် တိုင်း PDF ထဲဝင်ရမှာမျိုး မဟုတ်ပါဘူး။ ဘယ်လိုအကောင်းဆုံးဖြစ်မလဲဆိုတာကို ဆွေးနွေးတိုင်ပင်လို့ရပါတယ် ” လို့ သူက ရှင်းပြပါတယ်။
လက်ရှိကာလဟာ အဝေးသင်တွေ ကျောင်းအပ်တဲ့ကာလဖြစ်တာကြောင့် အဲ့ဒီကတဆင့်နယ်မြေဒေသတခုမှာ လူငယ်တွေ ဘယ်လောက် ရှိနေတယ်ဆိုတဲ့အချက်အလက်တွေ စစ်ကောင်စီက အလွယ်တကူရရှိနိုင်တယ်လို့ အညာဒေသမှာ လက်နက်ကိုင်တော် လှန်နေတဲ့ ဧရာဝတီသား တဦးက ထောက်ပြပါတယ်။
ဟင်္သာတတက္ကသိုလ်မှာအဝေးသင်တက်ရောက်နေတဲ့ အသက်နှစ်ဆယ်အရွယ်ကျောင်းသားတဦးကတော့ စစ်မှု ထမ်းရမယ့်အရေး တိမ်းရှောင်ဖို့ကြိုးစားနေသလို အဲ့ဒီရည်မှန်းချက်မအောင်မြင်ခဲ့ရင်လည်း အန္တရာယ်ကင်းကင်း အလံဖြူထောင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာနေတယ်လို့ DNA ရဲ့မေးမြန်းမှုကို တယ်လီဖုန်းကတဆင့် တက္ကသိုလ်ကျောင်းသားသူငယ်ချင်းတွေနဲ့အတူ အုပ်စုလိုက်ဖြေကြားချိန်မှာ ပြောပါတယ်။
လက်ရှိဧရာဝတီတိုင်းအတွင်းမှာ တက္ကသိုလ်တက်ရောက်နေသူစာရင်းကို အတိအကျ မသိရပေမယ့် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုသူပေါင်း ၁၈၀၀၀ ကျော်ရှိပြီး အောင်မြင်သူ ၁၁၀၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပညာရေးဝန်ကြီးဌာနစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သူပေါင်းကတော့ တနိုင်ငံလုံးအနေနဲ့ဆိုရင် ၇၅၀,၀၀ လောက်ရှိခဲ့တာပါ။
မအူပင်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတဦးကတော့ ကိုယ်လွတ်ရုန်းဖို့ တွေးနေမိသလို မိသားစု ကိုလည်းငဲ့ကြည့်နေရတဲ့အကြောင်း အခုလို ညည်းတွားဖွင့်ဟလိုက်ပါတယ်။
“ကျွန်တော်တို့က ကိုယ်လွတ်ရုန်းသွားလို့ ရနိုင်ပေမယ့် မိသားစုကိုလည်းကြည့်ရသေးတယ်။ သူတို့ဆီဘာတွေလာ နိုင်မလဲပေါ့။ ဖြစ်နိုင်ရင် စစ်သာမြန်မြန် ဖြစ်လိုက်စေချင်တာပဲ ” လို့ သူကပြောပါတယ်။