ဖေဖော်ဝါရီ ၊ ၂၀
ပြီးခဲ့တဲ့ရက်ကပဲ ကိုရင် နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ သွားရတဲ့အဓိကအကြောင်းကတော့ နေပြည်တော် ဒရုန်းခိုကျင်းထဲက သတင်းမှန်မပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးနဲ့ တွေ့ဆုံအင်တာဗျူး ဖို့ပါ။
ကိုရင့်ရဲ့ အနှီနေပြည်တော်ခရီးစဉ်ကို ရန်ကုန်ကနေ စပါတယ်။ ရန်ကုန်ကနေ အမြန်လမ်းပေါ်တက် ဇီးရိုးမိုင်ကို ဖြတ်ကျော်ပြီးလို့မှ ကွမ်းတစ်ယာညက်မကြာလိုက်ဘူး လက်တားနဲ့ ကြုံပါတယ်။ ရဲယူနီဖောင်းဝတ်ထားသူ တစ်ယောက်က ခပ်ပျပျကတည်းက တားနေတာပါ။ သူ့အနားရောက်လို့ ကိုရင်က ကားမှန်ချပေးလိုက်တယ် ဆိုရင်ပဲ
“ဘယ်ကလာတာလဲ။ ဘယ်သွားမှာလဲ။ လိုင်စင်ပြ၊ ဝှီးတက်ပြ”
အရေးထဲ “မရွှေဖဲနဲ့ မောင်ရေခဲ”ဇာတ် လာခင်းနေသေးတယ်။ “နေပြည်တော်သွားမလို့”လို့ ခပ်ပြတ်ပြတ်ပြောရင်း လိုင်စင်နဲ့ ဝှီးတက် ထုတ်ပြလိုက်တော့ ဖင်လှန်၊ ခေါင်းလှန်ကြည့်ပါတယ်။ အဲဒါနဲ့တင်မကျေနပ်သေး။ မျက်လုံးနား ကပ်ကြည့်လိုက်၊ ခွာကြည့်လိုက်နဲ့ အနီးကြည့်၊ အဝေးကြည့်ကြည့်ပါတယ်။ အဲဒီနောက် ကိုရင့်နားကို အဆီပြန် မျက်နှာကြီး တိုးကပ်လာပြီး “လဖေ့ရည်ဖိုးပေးခဲ့ဦး”ဆိုတဲ့ တစ်ခွန်းတည်းသောစကားကို ပြတ်ပြတ်သားသား ဆိုပါတယ်။
အိတ်ထဲက တစ်ထောင်တန်တစ်ရွက်အမြန်ထုတ် ကမ်းပေးလိုက်တော့ “တကယ့်လဖေ့ရည်တောင် ၁၅၀၀၊ ၂၀၀၀” ဖြစ်နေပြီလို့ ဆူပုတ်တဲ့မျက်နှာနဲ့တုံ့ပြန်ရင်း ကမ်းပေးထားတဲ့ တစ်ထောင်တန်ကို မယူဘဲနေပါတယ်။ သူ့ စကားအတိုင်းဆို တကယ်မဟုတ်တဲ့ လက်ဖက်ရည်ရော ရှိသေးတာလားလို့ အတွေးပွားရင်း အိတ်ထဲက ဆင်တစ် ကောင်ထပ်ထုတ်လို့ သူ့လိုဘကို ဖြည့်ပြီးတဲ့အခါ ကိုရင်လည်း ရှေ့ခရီးကို ဆက်ပါတယ်။ နောက်ထပ် ကွမ်းတစ်ယာ ညက်ခန့်အကြာမှာပဲ အနှီသူလို ယူနီဖောင်းဝတ်လက်တားတစ်ယောက်ကို ထပ်တွေ့ရပြန်ပါတယ်။ ထုံးစံအတိုင်း “မရွှေဖဲနဲ့ မောင်ရေခဲ”ဇာတ်ခင်းပြန်ပါတယ်။ သူလည်း “လဖေ့ရည်ဖိုးပေးခဲ့ဦး” ဆိုတာနဲ့ အဆုံးသတ်ပါတယ်။
အဲ့ဒီလို ကွမ်းတစ်ယာညက်တွေ သုံးကြိမ်သုံးခါလောက်ဖြတ်ကျော်ပြီးသကာလ ကိုရင့်ရဲ့ ဦးတည်ရာခရီး နေပြည် တော်ဆိုတာကြီးဆီ ရောက်ခဲ့ပါတော့တယ်။ နေပြည်တော်အဝင်မှာလည်း ကွမ်းတစ်ယာညက်နဲ့ တွေ့ပြန်ပါတယ်။ “မရွှေဖဲနဲ့ မောင်ရေခဲ”ဇာတ်လမ်းကို နားထောင်ရပြန်ပါတယ်။ သူတို့က အုပ်စုပိုတောင့်ပါတယ်။ အုံနဲ့ ကျင်းနဲ့ပါ။ သူတို့လည်း လက်ဖက်ရည်အလွန်ကြိုက်ကြောင်း ဖွင့်ထုတ်ပြောပါတယ်။
ဒီလိုနဲ့ ကိုရင်ရဲ့ အန္တိမဦးတည်ချက်ဖြစ်တဲ့ သတင်းမှန်မပြန်ကြားရေး ဦးဆောင်သူကြီးရှိရာ နေပြည်တော် ဒရုန်းခို ကျင်းထဲက ပြန်မကြားရေးဝန်ကြီးဌာနဆီ စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီပေါ့။ အဲဒီရောက်တော့လည်း “မှတ်ပုံ တင်မလို လက်ဖက်ရည်ဖိုးသာလို”ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ဆွဲထားတဲ့ ဂိတ်ဝမှာ လက်ဖက်ရည်ကြိုက်သူတွေကို တွေ့ပြန်ပါတယ်။ သူတို့ကထပ်ဆင့်အကြံပြုလိုက်တာက စာအိတ်လေးတွေ အသင့်ဆောင်သွား။ ရုံးထဲမှာလည်း လက်ဖက်ရည်ကြိုက်သူတွေ အလွန်များသတဲ့။ တချို့က ဇွန်းတပ်မှဆိုပဲ။ “ရိုးရိုးတောင် ဆင်တစ်ကောင်၊ နှစ်ကောင် တန်ဖိုးရှိတာ ရှယ်ဆို…ဘုရား…ဘုရား”လို့သာ တမိပါရဲ့။ “သတ်ချုပ် ဗိုလ်ချုပ်မှူးကြီးမအလ အာဏာသိမ်းပြီး နောက် စစ်ကောင်စီလက်အောက်၌ လက်ဖက်ရည်ကြိုက်သူအလွန်များလာ”ဆိုတဲ့ လေ့လာမှုစစ်တမ်းတစ်စောင် တောင် ထုတ်သင့်ပြီလို့ သုတေသနအဖွဲ့များထံ အကြံပြုလိုပါတယ်။
ဒီလိုနဲ့ပေါ့။ ကိုရင် အင်တာဗျူးမယ့် သတင်းမှန်မပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးအသင့် စောင့်ဆိုင်းနေရာ ရုံးခန်းဆီရောက်ပါတယ်။ အဲဒီကိုရောက်ဖို့လည်း လက်ဖက်ရည်ကြိုက်သူတွေကို ဖြတ်ကျော်ခဲ့ရ ပါသေးတယ်။
ဘာလို့ နေပြည်တော်အထိအောင် အခုလိုသွားပြီး ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးနဲ့ အင်တာဗျူးရသလဲဆိုတာကို လည်း မိတ်ဆွေတို့ သိချင်နေမှာမို့ ရှင်းပါ့မယ်။ “မဆုတ်တမ်းခံစစ်”တွေ ခပ်သုတ်သုတ်ဆုတ်ခဲ့ရ ပြီးနောက်၊ “ငါမသေငါ့စခန်းမကျစေရ” တွေ ခပ်မြန်မြန်ကျခဲ့ရပြီးနောက်၊ “ရဲသော်မသေ”တွေ အလံဖြူခပ်သွက်သွက် ထောင် ခဲ့ကြပြီးနောက်မှာတော့ ဇော်မဲလုံးတံဆိပ် သတင်းစာရှင်းလင်းပွဲတွေလည်း ဆိတ်သုဉ်းရပ်တန့်သွားရသလို အသံ ကျယ်ကျယ်ဟစ်ခဲ့တဲ့ ဟိုဂရု၊ ဒီဂရုတွေထဲက အာ့ကျကျကြီးရဲ့ အသံတွေလည်း အပ်ကျသံပင်မကြားရအောင် တိတ်လို့ ဝစီပိတ်ကျင့်ကြံအားထုတ်သွားခဲ့ပြီမို့ အခုလို လူကိုယ်တိုင် နေပြည်တော်အထိ လာမေးရခြင်းပါ။ ကဲ…ဒီလောက်ဆို ကိုရင် နေပြည်တော်သွားရခြင်းအကြောင်းရင်းကို သိကြရောပေါ့။
ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးရှိရာ အခန်းထဲ ရောက်တယ်ဆိုရင်ပဲ အနှစ်နှစ်အလလက အလွန်တရာမေးချင်လွန်း လှတဲ့ မေးခွန်းကို ဦးစွာမေးလိုက်ပါတယ်။
“ဗိုလ်ချုပ်တို့အဘ သတ်ချုပ် ဗိုလ်ချုပ်မှူးကြီးမအလက အာဏာသိမ်းပြီးနောက် ဘာမှလည်း မည်မည်ရရ၊ ထွန်း ထွန်းပေါက်ပေါက်မလုပ်နိုင်ဘဲ ဘာဖြစ်လို့ ခြောက်လတစ်ခါတိုင်း သက်တမ်းတိုးတိုးနေရတာလဲ”
အနှီမေးခွန်းကို နားထောင်ပြီးနောက် မည်းမည်းပုတ်ပုတ်မျက်နှာကြီး ပိုမည်းသထက်မည်းလာကာ “အာ့ကျကျ… အာ့ကျကျ” လို့လည်း ပါးစပ်ကရေရွတ်ရင်း ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးက
“သတင်းထောက်ကြီးကို ဦးစွာသတိပေးလိုတာက ကျုပ်တို့ အဘ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့အသုံးအနှုန်း နောက် မသုံးမိစေဖို့ပါပဲ။ အဘဟာ ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ဆိုတဲ့စကားကို မွေးကတည်းက ကိုင်ဆွဲလာသူပါ။ သူဟာ အခုဆိုရင်လည်း နေ့မနားညမအား၊ မအိပ်မနေ အလုပ်တွေ ဆက်တိုက်လုပ်နေပါတယ်။ ကျရာအခန်းကဏ္ဍကနေ ရရာခလုတ်တွေကို နှိပ်နေပါတယ်။ သတင်းထောက်ကြီးမေးတဲ့ ခြောက်လတိုင်းသက်တမ်းတိုးတိုးယူနေရတာဟာ လည်း အဲဒီခလုတ်ကြီးတွေကို နှိပ်မပြီးသေးလို့ပါ…အာ့ကျကျ”
စိတ်ထဲကတော့ “လာပြန်ပြီ ဒီခလုတ်ကြီး”လို့ ရေရွတ်ရင်း
“အဲဒီခလုတ်ကြီးအကြောင်း ဗိုလ်ချုပ်ပြောပြောနေတာ ကျွန်တော်တို့ မကြာမကြာ ကြားဖူးပါတယ်။ အခုရော တိုင်းရင်းသားဌာနချုပ်တွေ ဘလာ…ဘလာ…ဘလာဆိုတာပဲလား”
“နိုးနိုးနိုး…အခုကျုပ်ပြောတဲ့ ခလုတ်က အခမ်းအနားတွေဖွင့်တဲ့အခါနှိပ်ရတဲ့ စက်ခလုတ်ကို ပြောတာ။ အပြင်မှာ တကယ်ရှိသလို တကယ်လည်း နှိပ်နေတဲ့ခလုတ်။ အဘ နယ်လှည့်နှိပ်နေတာ သတင်းထောက်ကြီးတို့လည်း တွေ့ပါ လိမ့်မယ်”
ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးရဲ့ အဖြေစကားဆုံးတော့ နောက်မေးခွန်းတစ်ခုဆီ ကူးလိုက်ပါတယ်။
“ဒီတစ်ခါတော့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူထုကြား ပွဲဆူနေတာလေး မေးချင်တာပါ။ အွန်လိုင်းပေါ်မှာ လျှပ်စစ်နဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ပုဂ္ဂိုလ်ကြီးတစ်ဦးက ပြောပါတယ်။ အလှည့်ကျ မဝရေစာပေးနေတဲ့ လျှပ်စစ်မီး လာလာချင်းမှာ ချက်ချင်းယူမသုံးကြဖို့။ နာရီဝက်၊ တစ်နာရီလောက်စောင့်ပြီးမှ သုံးကြဖို့ဆိုတာနဲ့ ပတ်သက်ပြီး လူထုဘက်က အတော်လေးဝေဖန်နေကြတာတွေ့ရလို့ ဒီမှာ ထည့်မေးပေးတာပါ။ အဲဒါ ဘာကြောင့်ပါလဲ”
“သြော်…ဒါက ရှင်းပါတယ်။ မီးလာလာချင်း ဝိုင်းသုံးကြရင် ဓာတ်အားသုံးစွဲမှု မြင့်တက်သွားမယ်လေ။ အဲ…လာပြီး နာရီဝက်၊ တစ်နာရီနေရင် မီးက ထုံးစံအတိုင်း ပြန်ပျက်မှာပဲလေ။ အဲဒီတော့ ဝိုင်းသုံးတာလည်း မခံရသလို သုံးတော့ မယ်ဟေ့ဆိုတော့လည်း မီးက ပျက်နေပြီးပြီဆိုတော့ကာ ဓာတ်အားသုံးစွဲမှု မရှိသလောက်လျော့ကျသွားမယ့် လျှပ်စစ်ဝန်ကြီးဌာနရဲ့ လျှပ်စစ်ချွေတာရေးမဟာဗျူဟာကို လက်တွေ့ကျကျအသုံးချတဲ့သဘောပါ”
“သြော်…ဗျူဟာအရ မသုံးဘဲ ဟပေးရမယ်ဆိုတာမျိုးပေါ့”
ကိုရင့်ရဲ့ တုံ့ပြန်စကားကို ကြားပြီး ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးလည်း နဂိုမည်းမျက်နှာကြီး ပို၍မည်းသွားပါတော့ တယ်။
“အခုမေးမယ့်မေးခွန်းကတော့ အတော်လေးနက်နဲပါတယ်။ သေချာလေးဖြေကြားပေးဖို့လည်း ဗိုလ်ချုပ်ကို မေတ္တာရပ်ခံပါတယ်။ သိချင်တာက တလောက ဗိုလ်ချုပ်မှူးကြီးမအလပြောသွားတဲ့ ရုပ်မြင်သံကြားမှာ အရုပ်နဲ့ အသံနှစ်မျိုးရှိတယ်ဆိုတဲ့ နက်နဲလှတဲ့ပြောစကားအပေါ် ကျွန်တော်တို့အားလုံး ဘွင်းကနဲ၊ လင်းကနဲ၊ ရှင်းကနဲ နားလည်သိရှိရအောင် ဗိုလ်ချုပ်ဘက်က ထပ်ဆင့်ရှင်းလင်းပေးစေလိုတာပါ။ ဒီနက်နဲလှတဲ့ လေ့လာတွေ့ရှိချက် ကြီးကို ဗိုလ်ချုပ်မှူးကြီးမအလ ဘယ်လိုများ စူးစမ်းဖော်ထုတ်ရှာဖွေနိုင်ခဲ့တယ်ဆိုတာ သိခွင့်ရချင်လို့ပါ”
မေးခွန်းဆုံးတဲ့အခါ ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးက ခါးကိုမတ်၊ ခေါင်းကိုမော့၊ ရင်ကိုကော့လို့ ဝံ့ကြွားစွာ အဖြေ စကားကို ဆိုပါတယ်။
“ဒါက ဒီလိုရှိပါတယ်။ တကယ်တော့လည်း အဘဦးနှောက်၊ အဘဉာဏ်ရည်နဲ့ သတင်းထောက်ကြီးတို့ထင်သလို သိပ်ပြီးတော့လည်း နက်နက်နဲနဲ၊ ခက်ခက်ခဲခဲကြိုးပမ်းအားထုတ်လေ့လာရတဲ့ဟာမျိုးတော့ မဟုတ်ပါဘူး။ ခရီးသွား ဟန်လွှဲဆိုသလိုပေါ့။ တစ်နေ့တာ သူ့ရဲ့ ဖဲကြိုးဖြတ်၊ ခလုတ်နှိပ်ဖွင့်ပွဲအစီအစဉ်တွေကို ညဘက် ရုပ်မြင်သံကြားကနေ စောင့်ကြည့်ရင်း ဒီတွေ့ရှိချက်ကြီးကို အမှတ်မထင်တွေ့ရှိသိမြင်လာခဲ့တာပဲဖြစ်ပါတယ်”
ရွှေဉာဏ်တော် စူးရောက်တယ်ဆိုတဲ့စကား အခုမှ နဖူးတွေ့ဒူးတွေ့ ဒက်ထိကြုံရသကိုးလို့လည်း စိတ်ထဲက ရေရွတ် မိပြန်ပါတယ်။
“နောက်မေးခွန်းတစ်ခု ထပ်မေးချင်ပါတယ် ဗိုလ်ချုပ်။ ဗိုလ်ချုပ်မှူးကြီးမအလ ပြောခဲ့ဖူးတဲ့ စီးပွားရေးဦးမော့လာပြီ ဆိုတာကရော ဘယ်လိုစစ်တမ်းတွေ၊ ဘယ်လိုလေ့လာမှုတွေကနေ သိရှိသွားခဲ့တာပါလဲ”
“သြော်…ဒါလည်း ရိုးရိုးလေးပါပဲ။ သူ့သားနဲ့ သမီးရဲ့ စီးပွားရေးလုပ်ငန်းစုတွေထဲသွားရင်း၊ လာရင်း၊ ဖဲကြိုးဖြတ် ပေးရင်း၊ စက်ခလုတ်နှိပ်ပေးရင်းကနေ တွေ့ရှိလာခဲ့တာပါ။ အဘက ပါရမီပါတယ်လေ။ ဘယ်အရာကိုမဆို အား သိပ်စိုက်စရာမလိုဘဲ အရာရာသိမြင်တော်မူတယ်…အာ့ကျကျ”
“နောက်မေးခွန်းတစ်ခုပါ။ ပြီးခဲ့တဲ့ရက်ထဲက အကယ်ဒမီပေးပွဲကို ဗိုလ်ချုပ်မှူးကြီးမအလ ကိုယ်တိုင် တက်ရောက် ခဲ့တာ တွေ့ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ တက်ရောက်ခဲ့တာပါလဲ”
“သြော်…ဒါက ရှင်းရှင်းလေးပါ။ အဖြူရောင်တပ်မတော်ကြီးကို ပိုင်ဆိုင်ထားတဲ့ အဖြူရောင်တို့ရဲ့ အရှင်သခင် ခေါင်းဆောင်ကြီးက အဖြူရောင်အနုပညာရှင်တွေကို ဂုဏ်ပြုပေးတဲ့သဘောပါ”
“အဖြူရောင်အနုပညာရှင်ဆိုတာကတော့ ထားပါတော့ ကျွန်တော်တို့ သိပြီးသားပဲ။ အဖြူရောင်တပ်မတော်ဆိုတာ က ပိတ်ဖြူစတပ်မတော်လား၊ ကတ်ထူဖြူတပ်မတော်လား၊ ဖော့ပြားဖြူတပ်မတော်လား၊ ကြွပ်ကြွပ်အိတ်ဖြူ တပ်မတော်လား…ဒါမှမဟုတ် စွပ်ကျယ်ဖြူတပ်မတော်လား။ ဘယ်လိုအဖြူရောင်လဲဆိုတာ သေချာလေးခွဲခြားပြီး ရှင်းပြ….ပြ”
အနှီမေးခွန်းပြီးဆုံးအောင်တောင် ကိုရင် မမေးရသေး ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးတစ်ယောက် “ဝုန်း”ကနဲ မတ် တပ်ထရပ်ပြန်ကာ “တော်…တော်…ဒီမေးခွန်းက ပြည်သူက သိချင်တာလား။ သတင်းထောက်ကြီးက သိချင်တာ လား။ ထပ်ပြောပါမယ်။ ဒီမေးခွန်းဟာ ပြည်သူက သိချင်တာလား။ သတင်းထောက်ကြီးကပဲ သိချင်တာလား။ ဒီမေးခွန်းကို ကျုပ်မဖြေနိုင်ဘူးဗျာ…ကိုင်း။ အင်တာဗျူးလည်း အချိန်စေ့ပြီ။ ရပ်မယ်…အာ့ကျကျ” ဟုဆိုကာ ရှေ့မှာရှိတဲ့ စာရွက်တွေကို စိတ်ဆိုးမာန်ဆိုးဖြင့် ကောက်သိမ်းနေပါတော့တယ်။ နဂိုစူနှုတ်ခမ်းကြီးကိုလည်း အား ထည့်ကာ စူထားပြန်တာဖြင့် ဆင်နှာမောင်းကြီးအလားပါပဲ။
“နောက်ဆုံးမေးခွန်းတစ်ခုတော့ မေးခွင့်ပြုပါဦး ဗိုလ်ချုပ်။ အရေးကြီးလို့ပါ”လို့ ပြောမှ စူထားတဲ့နှုတ်ခမ်းကြီးနဲ့ပဲ ခေါင်းညိတ်ပြရင်း “လွတ်လွတ်ကင်းကင်းမေး”လို့ ဆိုပါတယ်။
“ဗိုလ်ချုပ်မှူးကြီးမအလပြောတဲ့ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတာ အတည်မှတ်ယူလို့ရပါမလား”
“မရပါဘူး”
ကိုရင် အလျင်စလိုမေးလိုက်တဲ့ မေးခွန်းကို ဗိုလ်ချုပ်အာ့ကျကျဇော်မဲလုံးကလည်း မဆိုင်းမတွဖြေပါတယ်။ ဒီလိုနဲ့ ကိုရင်တို့ရဲ့ အင်တာဗျူးခြင်းအစီအစဉ်ကို အဆုံးသတ်လိုက်ပြီး စားပွဲရှေ့ကလှည့်ထွက်မယ်လုပ်တော့ နဂိုမည်း မျက်နှာကြီးကို ပိုမည်းထားပြီး စောစာကလို နှုတ်ခမ်းကြီးပြန်စူထားကာ မျက်ထောင့်နီကြီးနဲ့ ကိုရင့်ကို စိုက်ကြည့် နေတာမို့ အလိုက်တသိပဲ လက်ထဲအသင့်ဆောင်ထားတဲ့ စာအိတ်လေး သူ့ရှေ့စားပွဲပေါ် အသာတွန်းပို့ပေးလိုက်ရ ပါတယ်။
ကိုရင့်ရဲ့ အနှီနေပြည်တော်ခရီးစဉ်ကနေ တော်လှန်ရေးအတွက် အကျိုးအမြတ်အကြီးကြီးတစ်ခုလည်း ရလိုက်ပါ တယ်။ ဟိုဌာနဝင်လည်း လက်ဖက်ရည်ဖိုး၊ ဒီဌာနဝင်လည်း လက်ဖက်ရည်ဖိုး၊ ဟိုကောင်တာသွားလည်း လက်ဖက်ရည်ဖိုး၊ ဒီကောင်တာသွားလည်း လက်ဖက်ရည်ဖိုး၊ ဝန်ကြီးနဲ့တွေ့လည်း လက်ဖက်ရည်ဖိုး၊ ပြာတာနဲ့ တွေ့လည်း လက်ဖက်ရည်ဖိုး၊ ဟိုနေရာလည်း လက်ဖည်ရည်ဖိုး၊ ဒီနေရာလည်း လက်ဖက်ရည်ဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီး မအလ လက်အောက်ခံတွေဟာ လက်ဖက်ရည်တယ်ကြိုက်ကြမဟုတ်လား။
ဒီတော့ နုဂျီအစိုးရရဲ့ “လမ်းအားလုံး နေပြည်တော်သို့”ဆိုတဲ့ စစ်ရေးစီမံကိန်းကြီးမှာ လက်နက်တွေအစား လက်ဖက် ရည်တွေကိုသာ အိုးကြီး၊ အိုးငယ် အသွယ်သွယ်နဲ့ သယ်ဆောင်သွားကြဖို့ပါပဲ။
ကိုင်း…နေပြည်တော်ကို လက်ဖက်ရည်နဲ့ တက်သိမ်းကြပါစို့။