စိုက်ပျိုးရေးလုပ်သား ရှားပါးလာနေတဲ့ ဧရာဝတီ

Photo – စားသုံးသူရေးရာဦးစီးဌာန
ဖေဖော်ဝါရီ၊ ၁၇
 
ဧရာဝတီတိုင်းက ပဲစိုက်တောင်သူတွေဟာ ပဲနုတ်သိမ်းချိန် လုပ်သားရှာမရတာကြောင့် လုပ်အားခ ပိုမိုပေးပြီးတော့ လုပ်သားရှာဖွေနေရတယ်လို့ ညောင်တုန်းနဲ့ ဟင်္သာတမြို့နယ်က ဒေသခံတောင်သူတွေက ပြောပါတယ်။
 
လုပ်သားရှားပါးတဲ့ပြဿနာက နှစ်တိုင်းကြုံရတက်ပေမယ့်လည်း ၂၀၂၅ ခုနှစ်မှာတော့ ပိုမိုဆိုးရွားတယ် လို့လည်းသူတို့ကပြောပါတယ်။ ရွာတွေမှာ လုပ်နိုင်ကိုင်နိုင်တဲ့လူက နည်းသွားပြီလေလို့ဟင်္သာတမြို့နယ်ကပဲစိုက်တောင်သူတဦးကပြောပါတယ်။
 
စစ်မှုထမ်းကိစ္စရပ်တွေအပါအဝင် ဒေသတွင်းအလုပ်အကိုင်ရှားပါးမှု ၊ ဝင်ငွေထွက်ငွေမမျှတမှုတွေ ကြောင့် လူငယ်တွေဟာ ရန်ကုန်အပါအဝင် ပြည်ပနိုင်ငံများကို ထွက်ခွာသွားတာကြောင့် ရာသီပေါ်သီးနှံ တွေ ဆွတ်ခူးချိန်မှာ အခုလိုလုပ်သားရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရတာလို့ သူကပြောပါတယ်။
 
အရင်နှစ်က ပဲနုတ်လုပ်သားတွေကို တရက် ၉ ထောင်ကျပ်နဲ့ ခေါ်ယူရရှိခဲ့ပေမယ့်လည်း အခုနှစ်မှာ တော့ တစ်ရက် ၁ သောင်း ၃ ထောင်ကျပ်ပေးပြီး ပဲနုတ်လုပ်သားခေါ်ယူနေတာတောင် အလွယ်တကူ လုပ်သားရှာမရဘူးလို့ သူကဆက်ပြောပါတယ်။
 
ဒီလုပ်အားခဈေးနှုန်းတွေဟာ အမျိုးသမီးနေ့စားလုပ်သားအတွက် လုပ်အားခဈေးနှုန်းဖြစ်တာကြောင့် အမျိုးသားလုပ်သားအတွက် နေ့စားလုပ်အားခကတော့ ဒီထက်ပိုပါတယ်။ အလားတူ ဖေဖော်ဝါရီလ ပဲ ပေါ်ချိန်မှာ လုပ်သားရှားပါးတဲ့ပြဿနာကို ညောင်တုန်းမြို့နယ်က တောင်သူတွေလည်း ကြုံတွေ့နေရပါ တယ်။
 
ပဲနုတ်ချိန်ဆိုတော့ ကိုင်းသမား (ပဲစိုက်တောင်သူ) တွေက ဈေးပိုပေးပြီးလူတွေခေါ်တယ်။ ကွမ်းခြံသမား တွေက သူတို့လောက် ဈေးမပေးနိုင်တော့ ကွမ်းခူးဖို့ လူတောင်မရှိဘူးလို့ ညောင်တုန်းမြို့နယ်က ကွမ်း စိုက်တောင်သူတစ်ဦးကပြောပါတယ်။
 
ပဲပေါ်နေတဲ့ ဖေဖော်ဝါရီလထဲမှာ ကွမ်းဈေးကလည်း ကျဆင်းနေတာကြောင့် ကွမ်းစိုက်တဲ့တောင်သူတွေ ဟာ ပဲစိုက်တောင်သူတွေလောက် လုပ်အားခနှုန်းထားကို မပေးနိုင်ဘဲ ဖြစ်နေရတာပါ။ လက်ရှိအချိန်မှာ ဆိုရင် ပဲစိုက်သူကော ကွမ်းစိုက်သူပါ လုပ်သားရှားပါးတဲ့ ပြဿနာကို ပူးတွဲကြုံနေရတာလို့ သူကဆက် ပြောပါတယ်။
 
စပါးစိုက်တဲ့တောင်သူက စက်နဲ့ရိတ်သိမ်းလို့ရတယ်။ ပဲစိုက်တဲ့လူ ၊ ကွမ်းစိုက်တဲ့လူက လူအင်အားသုံးမှ ရတာမျိုး။ နောက်ပြီးတော့လည်း ပဲခူးတယ် ၊ ကွမ်းခူးတယ်ဆိုတာ ရက်ကျော်လို့လည်း ရတဲ့ဟာမျိုးမ ဟုတ်တော့ ပိုအခက်တွေ့တယ်လို့ ကွမ်းစိုက်တောင်သူက ပြောပါတယ်။
 
ညောင်တုန်း၊ ပန်းတနော်နဲ့ မအူပင်မြို့နယ်တွေမှာ ကွမ်းခူးတဲ့ နေ့စားလုပ်သားတွေဟာ တရက်ကို လုပ် အားခ ကျပ် ၁ သောင်းအောက်သာရရှိပြီးတော့ ပဲနုတ်တဲ့နေ့စားလုပ်သားတွေဟာ တနေ့ကို ကျပ် ၁ သောင်းနဲ့အထက် ရရှိနေပါတယ်။
 
ဟင်္သာတမြို့နယ်က ပဲစိုက်တောင်သူကတော့ နေ့စားလုပ်သားခေါ်ယူရတာ ခက်ခဲတာကြောင့် ပဲနုတ်သူ တွေကို နေ့စားအနေနဲ့မခေါ်ယူဘဲ အခင်းပျက် (ပုတ်ပြတ်)အနေနဲ့ လုပ်အားခပေးပြီး ခေါ်ယူတယ်လို့ပြောပါတယ်။
 
ပဲတခင်းကို ၇ ယောက်လောက်နုတ်ရမှာ ၃ ယောက်လောက်ပဲရတော့ အမြန်ပြီးအောင် အခင်းပျက်ပေး လိုက်တယ်လို့ သူကဆက်ပြောပါတယ်။
 
လက်ရှိကာလမှာ ဧရာဝတီတိုင်း ပုသိမ်၊သာပေါင်း၊ရေကြည်စတဲ့ဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။