မြန်မာ့ဆန်အိုးကြီးကို ခြိမ်းခြောက်လာတဲ့ လေထုညစ်ညမ်းမှု

ဖေဖော်ဝါရီ ၊ ၈

အကယ်၍ သင်ဟာ ကျန်းမာရေး ကောင်းမွန်နေတဲ့အချိန်မှာ အသက်ရှုရတာ ခက်ခဲလာနေပြီ၊ လေ ရှုရတာဟာ သက်သောင့်သက်သာ မဖြစ်စေဘူး၊ လေထဲမှာပါလာနေတဲ့ အနံ့တွေ အမှုန်အမွှားတွေဟာ နှာခေါင်းကတဆင့် လည်ချောင်းထဲကိုရောက်သွားတာမှာ စိတ်မကြည်ဘူးလို့ ခံစားနေရပြီ ဆိုရင် အခြေခံအားဖြင့် လေထုညစ်ညမ်းနေပြီ ဆိုတာကို သိနိုင်ပါပြီ။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက လေထုညစ်ညမ်းခြင်းဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံကို အဓိက အားဖြင့် မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတွေဆီကို ရောက်ရှိလာခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းက လေထုညစ်မှု အညွန်းကိန်းတွေဟာ မြန်မာနိုင်ငံက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူတွေဆီကို သတိပေးချက်သဖွယ် ရောက်ရှိနေခဲ့တာပါ။

ဒါပေမယ့် ဒီကိစ္စဟာ အရေးတယူလုပ်ပြီး ပြောနေလို့မရလောက်အောင်ကို ပြည်တွင်းထဲက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ ပဋိပက္ခတွေဟာလည်း ဆက်တိုက်ရှိနေခဲ့ပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံဆီကို လေထုညစ်ညမ်းမှုက လက်တွေ့ကျကျ ရောက်မလာခဲ့သေးတာ ကြောင့်လည်း ဖြစ်ပါတယ်။

အခုတော့ ရန်ကုန်ဟာ အနီရောင်အဆင့် လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပါပြီ။ဖေဖော်ဝါရီ ၃ရက် တိုင်းတာချက်အရဆိုရင်ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေထဲ အဆင့် ၂နေရာမှာ ရှိနေတယ်လို့ ကမ္ဘာ့လေထုအရည်အသွေးတိုင်းတာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၈ရက် ရန်ကုန်လေထုတိုင်းတာချက်အရဆိုရင်လည်း အနီရောင် ခြယ်သထားတဲ့ သတိပေးချက်ကို IQAIR ဝက်ဘ်ဆိုက်ထဲမှာတွေ့ရမှာပါ။

ရန်ကုန်ကို အမီလိုက်နိုင်တဲ့ အခြေအနေရှိနေတာကတော့ ဧရာဝတီတိုင်းပါ။

မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုအဆိုးဆုံးကာလဖြစ်တဲ့ ဆောင်းရာသီနဲ့နွေရာသီတွေမှာ ဒေသအလိုက် လေ ထု အရည်အသွေး လေ့လာစောင့်ကြည့်မှုတွေအရ ရန်ကုန်၊ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာ လေထုညစ်ညမ်းမှု အများဆုံးဖြစ်လေ့ရှိတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

လေထုအရည်အသွေး အညွှန်းကိန်းတွေကို အရောင်နဲ့ သတ်မှတ်တဲ့အခါမှာ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ခရမ်းရောင်၊ အညိုရောင် ဆိုပြီးအဆင့်တွေ ခွဲခြားထားပါတယ်။

အစိမ်းရောင်နဲ့ အဝါရောင်က အဆင်ပြေတဲ့ လေထုဖြစ်ပြီး လိမ္မော်ရောင်အဆင့်ဆိုရင် ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ထိခိုက်စေပြီး အနီရောင်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထုအရည်အသွေး အဆင့်ကို ရောက်နေပါပြီ။

ခရမ်းရောင်နဲ့ အညိုရောင်အဆင့်တွေကတော့ အသက်ရွယ်မရွေး ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိတဲ့ အဆင့်တွေပါ။

လိမ္မော်ရောင်နဲ့ အနီရောင် လေထုအရည်အသွေးတွေ ဝိုင်းထားတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ မြန်မာက ရန်ကုန်တခုတည်းမှာသာ အနီရောင်ဖြစ်နေတာလားဆိုတာက စဉ်းစားစရာဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ်ဝန်းကျင်က World Air Quality Index ရဲ့ ဖော်ပြချက်အရ ဧရာဝတီတိုင်းဟာလည်း လေထုညစ်ညမ်းမှု မြင့်တက်လာနေပြီး လိမ္မော်ရောင့်အဆင့်နားကို ချည်းကပ်နေပြီ ဆိုတာကို တွေ့ရပေမယ့် လက်ရှိအချိန်မှာတော့ ဒီဝက်ဆိုက်မှာ မြန်မာနဲ့ ပတ်သက်တဲ့ အချက်အလက်ရ ရှိနိုင်မှု ရပ်တန့်နေပါတယ်။

ဒါဟာ ကောင်းတာလား။

လေထုညစ်ညမ်းမှုဟာ အဓိကအားဖြင့် လေထုထဲမှာ အန္တရာယ်ရှိ အမှုန်ပါဝင်မှုတွေ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။ ဒါကိုဖြစ်စေတဲ့ အကြောင်းအရင်းဟာ အများအားဖြင့် မီးခိုးတွေကြောင့်လို့ မှတ်ယူနိုင်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်ဟာ လယ်ယာကိုင်းကျွန်းတွေကို မီးရှို့ရှင်းလင်းကြတဲ့ အခုလို ဆောင်းတွင်းကာလဖြစ်ပါတယ်။

ဒီလိုအချိန်ဆိုရင် တနိုင်ငံလုံး စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ ထိုင်းနိုင်ငံမှာ တနိုင်ငံလုံးနီးပါး လိမ္မော်ရောင်နဲ့ အနီရောင်တွေ ဖြစ်နေပြီး စက်မှုဇုန်ကြီးတွေရှိတဲ့ ဘန်ကောက်လိုနေရာမျိုးတွေမှာတော့ ခရမ်းရောင်အဆင့် ထိရောက်နေပြီဆိုတာကို တွေ့နိုင်ပါတယ်။

လေထုညစ်ညမ်းတဲ့အခါ မျက်စိနဲ့မြင်ရတဲ့အချက်က မြူတွေကျလာတာဖြစ်ပါတယ်။ မြူထူထူကျတယ်ဆို တာဟာ လေထုညစ်ညမ်းမှု ပိုပိုမြင့်တက်လာနေပြီဆိုတာကို ပြသနေတာပါ။

အပြင်ထွက်တဲ့အခါ မျက်လုံးတွေယားတာ၊ စပ်တာ၊ အသက်ရှုမဝတာ၊ အပြင်မှာ မြူထဲမှာကြာကြာနေရင် ချောင်းဆိုးလာတာ၊ အရေပြားတွေယားလာ စသဖြင့်အခြေအနေတွေရှိနေပြီဆိုရင်တော့ ဒီမြူထုဟာ အန္တရာယ်ရှိ လေထုညစ်ညမ်းမှု ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဒီဖေဖော်ဝါရီ တလလုံး ရန်ကုန်နဲ့ ဧရာဝတီမှာ မြူုထူထူကျနိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရန်ကုန်ကတော့ လူဦးရေထူထပ်မှု အရှိန်နဲ့မြင့်တက်လာတာ၊ စက်မှုဇုန်တွေရှိနေတာ၊ လျှပ်စစ်မီး မမှန်လို့ မီးစက်တွေကို အလွန်အကျွံသုံးပြီး အလုပ်လုပ်ကိုင်နေရတာကြောင့် ဖြစ်နိုင်ပြီး ဧရာဝတီတိုင်းကတော့ လေထုညစ်ညမ်းမှုကို လျှော့ချပေးမယ့် စိုက်ပျိုးမြေဧရိယာ နည်းလာတာ၊ လယ်တွေမီးရှို့ရတဲ့ ရာသီချိန်ဖြစ်လာတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ပြည်တွင်းမှာ နေထိုင်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင် တဦးက သုံးသပ်ပါတယ်။

အရင်တုန်းက ဧရာဝတီတိုင်းဟာ တတိုင်းလုံးမှာရှိတဲ့ စိုက်ပျိုးမြေ အကုန်လုံးနီးပါးကို တနှစ်ပတ်လုံးနီးပါး စိုက်ပျိုးကြတဲ့အတွက် လေထုညစ်ညမ်းမှုအညွှန်းကိန်းကို တားထားနိုင်ပေမယ့် ၂၀၂၂ နောက်ပိုင်းမှာတော့ ဒီအညွှန်းကိန်းဟာ တဖြေးဖြေးမြင့်တက်လာနေခဲ့တယ်လို့ သူကထောက်ပြပါတယ်။

“အရင်ကလည်း (တောင်ယာ)မီးရှို့တာပဲ၊ ဒါပေမယ့် သူတို့က အဲ့အချိန်မှာ ဆောင်းသီးနှံ နွေသီးနှံတွေ စိုက်ကြတယ်လေ၊ ဆိုတော့ ဒါတွေက လေထုထဲက အဆိပ်တွေကို ပြန်ယူသွားတာ”လို့ အမည်မဖော်လိုတဲ့ အဲ့ဒီသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကရှင်းပြပါတယ်။

သိပ်မကြာသေးခင်က သီးခြား သတင်းဆောင်းပါးတခုအတွက် DNA ကဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံ တောင်သူတွေကလည်း ဧရာဝတီမှာ ပုံမှန်အားဖြင့် စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေအားလုံးကို  မစိုက်ပျိုးနိုင်တော့ဘူးလို့ ပြောပြထားကြပါတယ်။

၂၀၂၄ – ၂၀၂၅ ခုနှစ် မိုးစပါးရာသီအတွင်း ဧရာဝတီတိုင်းမှာ စိုက်ပျိုးနိုင်ခဲ့တဲ့ ဧရိယာဟာ ဧကပေါင်း သိန်း ၂၀ ကျော်ရှိပြီး ဒါဟာ ပုံမှန်စိုက်ပျိုးမှုထက် ထက်ဝက်နီးပါးလျော့ကျသွားခဲ့တာပါ။

လက်ရှိ ဆောင်းသီးနှံစိုက်ပျိုးကာလအတွက်အချက်အလက်အသေးစိတ်တွေကိုအတည်မပြုနိုင်သေးပေမယ့် တိုက်ပွဲတွေပါရှိလာတဲ့ ဧရာဝတီမှာ စိုက်ဧက အများအပြား ထပ်ပြီးလျော့ကျသွားမယ်ဆိုတာကတော့ သေချာ နေပါတယ်။

သက်ရောက်မှုကတော့ လေထုညစ်ညမ်းမှုအညွှန်းကိန်းတွေ ပိုပိုမြင့်တက်လာနေတာပါ။

စိုက်ပျိုးမြေနေရာတွေ လျော့ကျသွားတဲ့ မြန်မာ့ဆန်အိုးကြီးလို့တင်စားကြရာ ဒေသဟာ လေထုညစ်ညမ်းမှုရဲ့ တိုက်ရိုက်သက်ရောက်မှုတွေအပြင် နောက်ဆက်တွဲအကျိုးဆက်တွေကိုပါရင်ဆိုင်ရနိုင်တဲ့ အလားအလာတွေ ရှိနေပါသေးတယ်။

လေထုညစ်ညမ်းမှုမြင့်တက်လာတာဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အများသိကြပေမယ့် တချိန်တည်းမှာပဲ ရာသီဥတုပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။

ဒီနှစ်မှာ မြူထူထူကျတာကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ မမျှော်လင့်ထားတဲ့ မိုးရွာသွန်းမှုတွေ ဖြစ်လာနိုင်သလို လာမယ့်နွေရာသီမှာ အပူချိန်အနည်းငယ်လျော့ကျနိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။

မုတ်သုန်စောဝင်တာမျိုး မဟုတ်ဘဲနဲ့ မြူတွေကြောင့် တိမ်တွေငွေ့ရည်ဖွဲ့ပြီး မိုးစောစောရွာတာမျိုးတွေ ရှိနိုင်သလို ဒီမိုးရွာသွန်းမှုဟာလည်း ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သဘာဝ ပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်က ပြောပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ရေတိုအားဖြင့် နှာစေးတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရခက်တာ၊ မျက်စိနဲ့ အရေပြားယားယံတာ၊ ရင်ဘတ်မှာ တင်းကျပ်နေသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

နာတာရှည်ရောဂါတွေအဖြစ် နှလုံး​သွေး​ကြော​ရောဂါ၊ အသက်ရှူ လမ်း​ကြောင်း​ရောဂါ၊ ပန်းနာ ရင်ကြပ်​ရောဂါ၊ နာတာရှည် ​အဆုတ်လေပြွန်ကျဥ်းခြင်း​ရောဂါ နဲ့ အဆုတ်ကင်ဆာ ​ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

ဒီကနေဖြစ်ပေါ်လာတဲ့ မိုးရွာသွန်းမှုတွေကြောင့် မမျှော်မှန်းနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေဖြစ်နိုင်ပြီး စိုက်ပျိုးရာသီတွေ မမှန်ကန်မှုကြောင့် တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်နိုင်ချေရှိပါတယ်။

“လေထုညစ်ညမ်းတယ်။ မြူကျတယ်ဆိုတာကို ပေါ့ပေါ့လေးတော့ တွက်လို့မရဘူး။ သူကလည်း ရာသီဉတုပြောင်းလဲမှုမှာ အရေးပါတယ်။ အသေးစိတ်ကို အခြေအနေအရပ်ရပ်ကို ကြည့်ရမှာပေမယ့် သတိထားတာကတော့ မမှားဘူးပေါ့ဗျာ ”လို့ မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ဆိုပါတယ်။

လေထုညစ်ညမ်းမှုအရမ်းမြင့်တက်သွားတဲ့ မိုးရွာသွန်းမှုတွေမှာ အက်ဆစ်ဆန်တဲ့ မိုးတွေပါ ရွာလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သဘာဝ ပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်က ထောက်ပြပါတယ်။

လက်ရှိအချိန်မှာ တနိုင်ငံလုံး မီးရှို့၊ မီးလောင်မှုတွေ၊ကြည်း၊ရေ၊လေ တိုက်ခိုက်မှုမျိုးစုံပါဝင်တဲ့ နိုင်ငံအနှံ့ကတိုက်ပွဲတွေ၊ သစ်တော ဝါးတော ပြုန်းတီးမှုတွေ၊ သဘာဝသယံဇာတ အလွန်အကျွံထုတ်ယူမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှု အညွှန်းကိန်းတွေကို အခြားနိုင်ငံတွေလို့ အချိန်နဲ့ တပြေးညီ မရရှိနိုင်ပါဘူး။

သဘာဝပတ်ဝန်းကျင် ပျက်ဆီးဖောက်ပြန်မှုတွေကိုလည်း  နှစ်စဉ်နှစ်တိုင်းလို ပုံစံမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးတွေအဖြစ် အဘက်ဘက်က အရည်အသွေးနိမ့် ကျဆင်းလာမှု ထဲမှာ လေထု အရည်အသွေးလည်း ပါဝင်လာနေပြီဖြစ်ပါတယ်။

ဒီလေထုအရည်အသွေး ကျဆင်းလာမှုဟာ ဧရာဝတီတိုင်းကိုလည်း သက်ရောက်နေပါပြီ။ လေထုကို သန့်စင်နိုင်ဖို့ အလိုအပ်ဆုံးအရာက အပင်တွေဖြစ်ပါတယ်။ နှစ်တို နှစ်ရှည် အပင်တွေစိုက်ပျိုးမြေများလာခြင်းနဲ့ လေထု အရည်အသွေးကို ပြင်ဆင်နိုင်ပါတယ်။

“အခုဖြစ်နေတာတွေကို လျော့ချဖို့ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကတော့ မီးခိုးတွေလျော့ချရမယ် ပြီး တော့ လေထုကိုသန့်စင်စေနိုင်တဲ့ အပင်တွေကို ပြန်လည်စိုက်ပျိုးရမယ်။ အပင်စိုက်ရင်လည်း အပင်မျိုးစုံ ကို စိုက်ဖို့လိုတယ်၊အပင်မျိုးစိတ်မတူခြင်းက လေသန့်စင်ဖို့ကို အများကြီး အကျိုးပြုစေတယ်”လို့ အထက်ပါ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လေထုညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက်ဆိုရင်တော့ စိုက်ပျိုးမြေတွေကို အပြည့်အဝ ပြန်လုပ် ကိုင်နိုင်ရင်ပဲ ကောင်းမွန်တဲ့သက်ရောက်မှုတွေပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“လေထုညစ်ညမ်းမှုဆိုတာ အများအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်များနေတာဆိုတော့ မီးခိုးထွက်မှုတွေ လျှော့ချမယ် အပင်တွေကို မြေနေရာအပြည့်စိုက်မယ်ဆိုရင် ဒါကိုလျော့ချနိုင်တယ်။တကယ်တော့ နည်းလမ်း က လွယ်လွယ်လေးပါ အခြေအနေကြီးကြောင့်ခက်နေတာ ” လို့လည်း သူကညည်းတွားပြောဆိုလိုက်ပါတယ်။