မြန်မာရဲ့ကျန်းမာရေး ပြဿနာတွေ နယ်စပ်ဖြတ်ကျော်လာနေပြီလား

Photos Credit – MSF

ဇန်နဝါရီ ၊ ၂၀

“ လာမယ့် ၂၀၃၀ အထိ ဒီတိုင်းပဲ ဆိုရင်တော့ ကျွန်မတို့တိုင်းပြည်က ငရဲပဲ ” ဒေါက်တာ အို။

ကမ္ဘာကြီးက တိုက်ဖျက်နိုင်ဖို့ ကြိုးစားနေတဲ့ ငှက်ဖျား၊ တီဘီနဲ့ HIV ရောဂါတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာကို သင်သိပါသလား။

ပြည်သူ့ကျန်းမာရေးဝန်ထမ်းအဖြစ် ၁၅ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး အခုချိန်ထိ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေဆဲဖြစ်တဲ့ ဒေါက်တာ အိုနီယွန်ကတော့ ဒီရောဂါတွေနဲ့ပတ်သက်လို့ အထက်ပါအတိုင်း မှတ်ချက်ပြုထားပါတယ်။

ဘာကြောင့် ဒီလိုမှတ်ချက်ပြုနိုင်ရတာပါလဲ။ ဒါနဲ့ပတ်သက်လို့ DNA က ၄ လတာ အချိန်ယူပြီး အဖြေကို ရှာဖွေခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားမှုနှုန်း ခုနစ်ဆအထိတိုးလာခဲ့ပါတယ်။

 

ဒီဆောင်းပါးထဲမှာ  မြန်မာနိုင်ငံတွင်းက ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ထိုင်း – မြန်မာ နယ်စပ်မှာရှိနေတဲ့ မြန်မာရွှေ့ပြောင်း အရေးလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေကို ချဉ်းကပ်စုံစမ်းထားတဲ့ တွေ့ရှိထားချက်တွေ ပါဝင်ပါတယ်။

ဒါအပြင် ကမ္ဘာ့အဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် (UN) ရဲ့ သုံးသပ်ချက်တွေကို မြင်တွေ့ရမှာပါ။

ဒီတွေ့ရှိချက်၊ သုံးသပ်ချက်တွေက တဆင့် မြန်မာနိုင်ငံတွင်းက ဒီရောဂါတွေရဲ့ အခြေအနေဟာ မြန်မာနိုင်ငံတခုတည်းနဲ့ သက်ဆိုင်နေတာလား၊ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေအပေါ်မှာရော သက်ရောက်မှုရှိလာနိုင်လား ဆိုတာကို လေ့လာနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က “ ရောဂါထိန်းချုပ်ရေး အားထုတ်လုပ်ဆောင်မှုတွေ လျော့ကျလာတာရဲ့ သက်ရောက်မှုကို မြန်မာနိုင်ငံနဲ့  ဒေသတွင်း ၊ တကမ္ဘာလုံးမှာပါ ခံစားရနိုင်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် HIV ကနေ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာနိုင်တဲ့ အလားအလာအပါအဝင် အန္တရာယ်ရှိတဲ့ ဆေးယဉ်ပါးအန္တရာယ်နဲ့ ရောဂါပျံပွားမှုတွေက အိမ်နီးချင်းနိုင်ငံတွေအပေါ် ဖိအားဖြစ်လာနိုင်တဲ့ အန္တရာယ်က အကြီးမားဆုံးစိန်ခေါ်မှုတွေပါ ” လို့ DNA ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

ငှက်ဖျား

အာဏာမသိမ်းခင်က မြန်မာနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ငှက်ဖျား ကင်းစင်နယ်မြေအဖြစ် ရောက်ရှိနိုင်ဖို့အတွက် ကမ္ဘာကြီးက မျှော်လင့်လို့ရနေပြီဖြစ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ လူပေါင်း ၃၈ သန်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နူန်းဟာ ငှက်ဖျားရောဂါ ကူးစက်ခံထားရပြီးဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က က ခန့်မှန်းထားပါတယ်။

“ ကျွန်မ ငှက်ဖျားဖြစ်တာ ဒီတခါနဲ့ဆိုရင် ၂၃ ခေါက်ရှိပါပြီ။ တခါထက် တခါပိုပိုဆိုးလာတယ်လို့ ခံစားရတယ် ” လို့ LGBT တဦးဖြစ်သလို မွန်ပြည်နယ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ လမင်း က ပြောပါတယ်။

 

 

ကိုယ်တိုင်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်ပေမယ့် ၂၀၂၁ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ငှက်ဖျား ၂၃ ခါ ဖြစ်ပွားမှုဟာ ခြင်ထောင်နဲ့ ခြင်မကိုက်အောင် ကာကွယ်နိုင်တဲ့ ပစ္စည်းတွေ မရှိတာကြောင့်လို့ ရှင်းပြပါတယ်။

အလားတူ အခြေအနေတွေကို စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း ကြုံတွေ့နေရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဆရာဝန် တဦးက အတည်ပြုပါတယ်။

သူက “ ငှက်ဖျားကတော့ ၂၀၂၂ ကစပြီး လုံးဝ အောက်ဘရိတ်ပဲ။ အခုဆို ဆေးမတိုးတော့တာတွေ ရှိလာပြီ။ သေတာကလည်း တနှစ်ထက်တနှစ်တိုးလာနေတယ် ” လို့ သူ့အတွေ့အကြုံကို အခြေခံပြီးပြောပြပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာဖွံဖြိုးမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ USAID ရဲ့ ကိန်းဂဏန်းတွေအရ အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ၁၇၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေကြား ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ တခုတည်းသောနိုင်ငံဖြစ်တယ်လို့လည်း USAID ကထောက်ပြပါတယ်။

ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် ခြင်ကို မကာကွယ်နိုင်တဲ့အပြင် တောတွေ၊ တောင်တွေထဲမှာ စစ်ရှောင်နေရတဲ့အခါ ငှက်ဖျားကြောင့် သေဆုံးနူန်းတွေ မြင့်တက်လာတယ်လို့ မတူညီတဲ့ နေရာ ၂၀ မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေကြသူတွေက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းထဲမှာ ဆယ်စုနှစ် ၂ ခုနီးပါး လုပ်သက်ရှိနေပြီဖြစ်တဲ့ ဒေါက်တာ ဆူဇီက စစ်ကောင်စီရဲ့ ဂိုထောင်တွေထဲမှာ ငှက်ဖျားကာကွယ်ရေး ဆေးစိမ်ခြင်ထောင်တွေ သိန်းနဲ့ချီရှိနေပေမယ့် မဖြစ်နိုင်တဲ့ ကန့်သတ်ချက်တွေကြောင့် ဝေငှခြင်း မပြုနိုင်ဘူးလို့ အခုလိုရှင်းပြပါတယ်။

“ မသက်ဆိုင်သူများလက်သို့ ခြင်ထောင်မရောက်ရှိစေရန်တဲ့ ခြင်ထောင်က သေနတ်မှမဟုတ်တာနော်။ ခြင်ထောင်ဟာ weapons လည်းမဟုတ်ဘူး ဒါပေမယ့် ဒီဟာတွေက အဓိက priorityက မသက်ဆိုင်သူများဆီ မရောက်ရှိစေရေးဆိုတော့ ဒီ ၄ နှစ်မှာ ခြင်ထောင် ဝေတာလုံးဝ ဇီးရိုး ”

ဒေါက်တာ ဆူဇီက ဖြေနေရင်း အသံ tone တွေမြင့်လာပြီး အဖျားခတ်တုန်ခါလာတဲ့အခါ ဖြေကြားမှုကို ခေတ္တရပ်နား လိုက်ပါတယ်။

ပြီးတော့ သူ့ရဲ့ စိုးရိမ်ချက်ကို အခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံမှာ control မလုပ်နိုင်လို့ လူတွေက ဆေးကို တဝက်တပျက်သောက်ကြပြီးတော့မှ ဆေးယဥ်ပါး ငှက်ဖျားဖြစ်သွားလို့ရှိရင် သူ့ရဲ့နောက်မှာ new drug မရှိဘူး မပေါ်သေးဘူး။ Africa ကိုပြန့်သွားလို့ရှိရင် တကမ္ဘာလုံးမှာဖြစ်တဲ့ ငှက်ဖျား ရောဂါတောင်မှ လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅နှစ်တာ ကာလကို နောက်ပြန်ဆွဲသွားနိုင်တယ်။ မြန်မာနိုင်ငံ ကြောင့်တောင်မှ Africa Globle မှာရှိတဲ့ ငှက်ဖျားရောဂါတွေ နောက်ပြန်ဆွဲသွားနိုင်တယ်။ ကျမကတော့ အဲ့လောက်အခြေနေဆိုးနိုင်တယ်လို့ စိတ်ထဲမှာထင်တယ်ပေါ့နော်”

တီဘီ

ငှက်ဖျားဆိုတာဟာ ခြင်မကိုက်အောင်ကာကွယ်နိုင်ရင် ကူးစက်နူန်းကိုလျော့ချနိုင်ပြီး ရောဂါဖြစ်နေကြောင်း ကိုလည်း အလွယ်တကူသိရှိနိုင်ပါတယ်။

ဒါပေမယ့် တီဘီရောဂါကတော့ လေကတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး လိုအပ်တဲ့ စက်ကိရိယာတွေမရှိရင် စစ်ဆေးလို့မရနိုင်ပါဘူး။

၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံဟာ တီဘီရောဂါကင်းစင်တော့မယ့် ကမ္ဘာ့နိုင်ငံအနည်းငယ်ထဲက ၁ နိုင်ငံဖြစ်ခဲ့ပေမယ့် လက်ရှိအခြေအနေမှာ “တီဘီရောဂါပြန့်ပွားမှု အဆိုးဆုံး ၅ နိုင်ငံထဲက နံပါတ် ၄ နေရာမှာ ရပ်တည်နေတယ်” လို့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် တောင်တန်းတွေပေါ်မှာ စစ်ကောင်စီကို တော်လှန်ရင်း ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ CDM ဆရာဝန် ဒေါက်တာ အေးငြိမ်းသူ ကတော့ သူလက်လှမ်းမီရာဒေသတွေမှာ တီဘီလို့ ယူဆရတဲ့ လူနာတွေ တနှစ်ထက် တနှစ် ပိုတိုးလာနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူတို့မှာ တိတိကျကျပြောနိုင်ဖို့ စက်ပစ္စည်း ကိရိယာတွေ မရှိတဲ့အခါ ကောက်ချက်ချဖို့ ခက်လာသလို ဒေသခံတွေဟာလည်း အဖျားရောဂါထက် လေယာဉ်ဗုံးကျဲမှာနဲ့ လက်နက်ကြီးတွေကို ပိုမိုကြောက်ရွံ့နေရတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တီဘီဒေတာတွက်ထုတ်ဖို့ ခက်နေပေမယ့် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ တီဘီအညွှန်းကိန်းတွေ မြင့်တက်လာနေပါတယ်။

 

ထိုင်း – မြန်မာ နယ်စပ်မှာ မြန်မာရွေ့ပြောင်းတွေရဲ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေ ရရှိနိုင်ဖို့ အဓိကထားပြီး အလုပ်လုပ်ကိုင်နေတဲ့ MAP Foundation ကတော့ သူတို့ကူညီပေးနေတဲ့ ဒေသတွေမှာ TB ကူးစက်ခံထားရတဲ့ လူဦးရေဟာ အရှိန်နဲ့ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲက မြန်မာရွေ့ပြောင်းတချို့ရဲ့ TB ရောဂါလို့ သံသယရှိပြီး လာရောက် စစ်ဆေးမှုတွေကို မှတ်တမ်းတင်ထားမှုအနေနဲ့ဆိုရင် ၂၀၂၂ ခုနှစ်မှာ ၁၀ ရာခိုင်နူန်း၊ ၂၀၂၃ ခုနှစ်မှာ ၁၂ ရာခိုင်နူန်းနီးပါးနဲ့ ၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်းမှာတော့ လာ‌ရောက်စစ်ဆေးကြသူတွေရဲ့ ၈၀ ရာခိုင်နူန်းဟာ TB ကူးစက်ခံထားရသူတွေဖြစ်လာတယ်လို့ MAP ကနေ သိရပါတယ်။

MAP ရဲ့ ကျန်းမာရေး တာဝန်ခံ ဆရာ Hark Murng က “ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူတွေကလည်း အများကြီး ထွက်လာကြတယ်။ ပြည်တွင်းထဲက ပဋိပက္ခတွေကြောင့် လူတွေက ပြောင်းရွေ့လာတယ်။ ချင်းမိုင်ကို ရောက်တဲ့အခါ လူအများကြီးစုနေခိုင်းတာ နောက်ပြီးတော့မှ လူအသစ်အများကြီး ရောက်လာတာတွေလည်း ပါတာပေါ့နော်။ ဒါတွေက TB ကိုများများတွေ့လာရတဲ့ အကြောင်းရင်းတွေလို့ ထင်တယ် ” လို့ မှတ်ချက်ပြုပါတယ်။

ဒါဟာ လာရောက်စစ်ဆေးကြသူတွေရဲ့ စာရင်းပဲရှိပါသေးတယ်။

Lesly Lotha ကတော့ မြန်မာနိုင်ငံရဲ့ တီဘီရောဂါ အဖြေအနေနဲ့ပတ်သက်ပြီး “ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်နှစ်လုံးမှာ တီဘီရောဂါကြောင့် သေဆုံးမှု ၅၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ တီဘီရောဂါနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ပြန်ရတာ အခုဆိုရင် ကိုဗစ်ကပ်ရောဂါမတိုင်ခင် အခြေအနေကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ် ” လို့ ဖြေကြားထားပါတယ်။

HIV/AIDS

ဆရာ Hark Murng ပြောတဲ့ များများတွေ့လာရတယ်ဆိုတာထဲမှာ HIV/AIDS လူနာတွေလည်း ပါတယ်လို့ဆိုပါတယ်။

အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ ART ဆေးသောက်သုံးနေသူ ၁ သိန်း ၈ သောင်းကျော်ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကထုတ်ပြန်တဲ့ ကုလသမဂ္ဂပူးပေါင်းအစီအစဉ် (UNAIDS)ရဲ့ စာရင်းမှာတော့ HIVပိုး ကူးစက်ခံထားရသူ ၂ သိန်း ၅ သောင်းဝန်းကျင်ရှိတယ်လို့ဆိုထားပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ မြန်မာတနိုင်ငံလုံးရဲ့ မြို့နယ် ၂၄၀ မှာ ART ဆေးကုစင်တာပေါင်း ၃၅၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် နယ်ကျော်ကန့်သတ်တာ၊ ဆေးထုတ်ယူရမယ့်နေရာတွေ ဝေးကွာတာကြောင့် စစ်ကိုင်းနဲ့ ချင်းပြည်နယ်က လူနာပေါင်း ၁၄၀ ကျော်ဟာ အိန္ဒိယနိုင်ငံ မဏိပူရမှာ နယ်စပ်ဖြတ်ကျော်ပြီး ART ဆေးထုတ်ရတဲ့ အခြေအနေရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်တာကာလမှာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား(ကရင်နီ)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်၊ ရခိုင် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန် နေခဲ့တာကြောင့် ART ဆေးပေးနိုင်ဖို့ ဆိုတာက ခန့်မှန်းရခက်ခဲတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တယ်လို့ DNA က ဆက်သွယ်မေးမြန်းခဲ့သူတွေက တူစွာဖြေဆိုခဲ့ကြပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေဆုတ်ခွာသွားရတဲ့ မြို့တွေမှာ ဆေးရုံ၊ ဆေးခန်းတွေမှာရှိတဲ့ ဆေးဝါးတွေကို ဖျက်ဆီးပစ်ခဲ့တာတွေကလည်း သက်ရောက်မှုတွေ ရှိတယ်လို့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ခံတဦးက ပြောပါတယ်။

သူက “ သံတွဲကနေ စစ်တပ်ထွက်ရတော့ ဆေးရုံမှာရှိတဲ့ ဆေးတွေ အကုန်ဖျက်ဆီးခဲ့တာ။ ကျွန်တော်တို့ စစ်ရှောင်စခန်းမှာ ဆေးတွေလိုတော့ ရှိလိုရှိငြား သွားကြည့်သေးတယ်။ ဆေးတွေဗျာ သိပ်နှမြောဖို့ ကောင်းတယ် ” လို့ ရှင်းပြပါတယ်။

ART ဆေးဆိုတာဟာ ကမ္ဘာကနေ HIV ကိုတိုက်ဖျက်နိုင်ဖို့ စီမံချက်တွေနဲ့ ထောက်ပံ့ကူညီပေးနေတဲ့ဆေးဖြစ်ပြီး အခမဲ့ရယူနိုင်တာကြောင့် အပြင်ဆေး ဈေးကွက်မှာ အလွယ်တကူဝယ်ယူလို့ ရတာမျိုး မဟုတ်တဲ့အခါ ဒီလူနာတွေအတွက် မျှော်လင့်ချက်တွေဟာ ဘယ်မှာပါလဲ။

UN ကတော့ ၂၀၂၃ ခုနှစ်မှာ HIV ထပ်မံကူးစက်ခံရသူ ၁ သောင်းကျော်ရှိနေပြီး HIV/AIDS ဆက်နွယ်သေဆုံးသူဟာ ၆ ထောင်ကျော်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“ ဒီရောဂါတွေ ပပျောက်ဖို့ဆိုတာက တနိုင်ငံတည်းလုပ်လို့မရဘူး နိုင်ငံတွေပေါင်းလုပ်ရတာ။ အခုဆိုရင် ဒီလိုမထိန်းချုပ်နိုင်မှုက ထိုင်းနဲ့ တရုတ်ကို အများကြီး သက်ရောက်မှုရှိနိုင်တယ်။ ပြီးတော့ ပပျောက်ရေး ရည်မှန်းချက်တွေလည်း မဖြစ်လာနိုင်တော့ဘူးပေါ့ ” လို့ ဒေါက်တာ အိုက သုံးသပ်ပါတယ်။

ဘယ်သူတွေက ဘာတွေလုပ်ပေးနေလဲ

အခုတော့ ၄ နှစ်အတွင်းမှာ အရှိန်နဲ့ ပြုတ်ကျသွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် UN ရဲ့ ဒီရောဂါတွေကို တိုက်ဖျက်နိုင်ဖို့ မျှော်လင့်ချက်တွေကို ထိပါးရိုက်ခတ်လာပြီဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တော်လှန်ရေး အစိုးရလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကို မေးမြန်းတဲ့အခါမှာ UN က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကိုသာ ကိုးကားဖြေဆိုခဲ့ပါတယ်။

အင်တာနက်စာမျက်နှာတွေကနေ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ “တယ်လီကျန်းမာ” အဖွဲ့ကတော့ အင်တာနက်ကတဆင့် ကြည့်ရှုကုသရတာဖြစ်တာကြောင့် အချက်အလက်တွေ တိတိကျကျ မပြောနိုင်ပေမယ့် အထွေထွေ လူနာတွေဟာ တစထက်တစ များပြားလာနေတယ်လို့ ဆိုပါတယ်။

DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒေသကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တွေကလည်း တိတိကျကျ သိရှိကုသနိုင်တဲ့ ငှက်ဖျားကိုတောင်မှ ဆေးယဉ်ပါးငှက်ဖျားတွေ ဖြစ်လာနေတာကြောင့် ထိရောက်အောင် ကုသဖို့ ခက်လာနေတယ်လို့ ဆိုကြပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တီဘီ တိုက်ဖျက်ရေးတွေ လုပ်ငန်းတွေမှာ အသုံးချနိုင်ဖို့ ဘတ်ဂျက်တွေ တိုးမြှင့်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

နိဂုံး

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဘာကိုမှ ခန့်မှန်းတွက်ချက်လို့မရတဲ့ စစ်ရေးတင်းမာမှုတွေ အပြည့်ရှိနေဆဲပါပဲ။

ဒီစစ်ရေးတင်းမာမှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးရတဲ့ ဒုက္ခသည် ၁ သန်းကျော်ရှိနေတယ်လို့ ISP Myanmar က ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ လူဦးရေစာရင်းပါ။

လက်ရှိ ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံသား ၆ သန်းဝန်းကျင် ရွေ့ပြောင်းနေထိုင်နေကြတယ်လို့ ထိုင်းအခြေစိုက် မြန်မာအရေးလှုပ်ရှားကြသူတွေက ခန့်မှန်းထားကြပါတယ်။ ဒီထဲက တဝက်ကျော်လောက်ဟာ တရားမဝင် ရွေ့ပြောင်းနေထိုင်ကြသူတွေဖြစ်လို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကောက်ယူဖို့ခက်ခဲပါတယ်။

 

 

WHO ရဲ့ စာရင်းဇာယားတွေအရတော့ ၂၀၂၂ ခုနှစ်ကစပြီး ထိုင်းနိုင်ငံက တီဘီ နဲ့ ငှက်ဖျား ဖြစ်ပွားမှု အညွှန်းကိန်းတွေ ပြန်တက်လာနေခဲ့ပါတယ်။

ဒီအညွန်းကိန်းဟာ မြန်မာနိုင်ငံရဲ့ စစ်မီးအညွှန့်အဖျားတွေဟာ ကူးစက်ပျံ့နှံ့တတ်တဲ့ ကျန်းမာရေး ပြဿနာတွေအဖြစ် အိမ်နီးချင်းနိုင်ငံတွေကို သက်ရောက်မှုရှိလာနေပြီဆိုတဲ့ ပြယုဂ်တခုဖြစ်တယ်လို့ ဒေါက်တာ ဆူဇီက ဆိုပါတယ်။

ဒေါက်တာ အို ကတော့ “ အိမ်နီးချင်းနိုင်ငံတွေက ဒါဟာ မြန်မာနိုင်ငံအရေးတခုပဲမဟုတ်ဘူး ငါတို့ဆီကိုလည်း ကူးစက်လာနေပြီဆိုတာကို သတိချပ်သင့်နေပါပြီ။ အထူးသဖြင့် ထိုင်း ပေါ့ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒေါက်တာအို ရဲ့ အဲ့ဒီရှုမြင်ချက်မျိုးကို မြန်မာနိုင်ငံ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  ဆီမှာလည်းတွေ့ရပါတယ်။WHO ကတော့ ဒီပြဿနာဟာ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံတွေသာမက ဒေသတွင်းတခုလုံးဆီအထိ ကူးစက်ပျံ့နှံ့လာနိုင်တယ်လို့သတိပေးပါတယ်။

“ပြန့်ပွားလွယ်တဲ့ ရောဂါတစ်ခုကို ထိန်းချုပ်နိုင်မှုမရှိတဲ့အခါမှာတော့ မျိုးဆက်တစ်ခုလုံးကြိုးပမ်းရင်တောင် အန္တရာယ်ရှိတဲ့ အဆင့်အောက်သို့ ပြန်လျှော့ချနိုင်မှာ မဟုတ်ပါဘူး ”