မြောင်းမြ ညောင်ပင်လေးစျေး မီးလောင်ကျွမ်းမှု ဆိုင်ခန်းငါးဆယ်ထက်မနည်းဆုံးရှုံး

Photo – .MFSD/Myint Myat Bhone Khaung FB

ဇန်နဝါရီ၊ ၁၉

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ညောင်ပင်လေးစျေးမှာ တနာရီလောက်အကြာ မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းငါးဆယ်ထက်မနည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ၁၉ရက် နံနက် တနာရီခွဲလောက်မှာ အမှတ်(၂)ရပ်ကွက်၊ ၅လမ်း ညောင်ပင်လေးဈေးမှာ မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့တာပါ။

“ကမ်းနားကဆန်ဆိုင်တန်းမှာလောင်တာ၊စံပြမုန့်တိုက်ရှေ့တကွက်လုံးကုန်တယ်”လို့ဒေသခံတဦးကပြောပါတယ်။
မီးလောင်ကျွမ်းချိန်က တနာရီနီးပါးကြာမြင့်ပြီး ဆုံးရှုံးခဲ့တဲ့ ဆိုင်ခန်းအရေအတွက်နဲ့ တန်ဖိုးကိုတော့အတိအကျမသိရသေးဘူးလို့လည်းဒေသခံတွေကဆိုပါတယ်။

“ပတ်လည်တင်ဆိုင်ခန်းကလေးဆယ်လောက်ရှိမယ်၊အတွင်းရောဆိုရင်အတော်များမယ်၊ငါးဆယ်မကဘူး” မြောင်းမြဒေသခံနောက်တဦးကပြောပါတယ်။
ဒါ့အပြင် မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲလို့ ဌာနဆိုင်ရာအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ဒေသခံတဦးကဆိုပါတယ်။

“အခုပဲသွားကြည့်ပြီးပြန်လာတာ၊ ဆိုင်ခန်းကတော့ ဆန်ဆိုင်၊ အထည်ဆိုင်၊ ဖုန်းဆိုင်အစုံပဲ” လို့သူကဒီကနေ့မွန်းလွဲပိုင်းမှာ DNAကိုပြောပါတယ်။

မီးလောင်ကျွမ်းမှုက ရှိုမီးဖြစ်တယ်လို့ ဒေသခံအချို့ကပြောပေမယ့်လည်း DNAအနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။

ညောင်ပင်လေးစျေးမီးလောင်ကျွမ်းမူကို မီးငြှိမ်းသတ်ယာဉ် ၅စီး၊ မီးသတ်ရေသယ်ယာဉ် ၂စီး ငြှိမ်းသတ်ခဲ့ရာနံနက် ၂နာရီ ၁၃မီနစ်မှာမီးငြိမ်းသက်နိုင်ခဲ့လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။