
ဇန်နဝါရီ၊ ၁၇
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မကျီးဇင်မှာ တိုက်ပွဲတွေရပ်တန့်သွားလို့ နေရပ်ပြန်တဲ့စစ်ရှောင်တွေရှိတယ်လို့ ရွှေသောင်ယံမှာရှိတဲ့ DNA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇန်နဝါရီလဆန်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ မကျီးဇင်၊ဘောမိစတဲ့ကျေးရွာတွေက ဒေသခံတွေက ရွေသောင်ယံ၊ပုသိမ်အပါအဝင် ဘေးကင်းမယ်ယူဆတဲ့ဒေသတွေကို တိမ်းရှောင်ခဲ့ကြတာပါ။
လက်ရှိမှာတော့တိုက်ပွဲမဖြစ်ပွားတာဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ထိ ၇ ရက်လောက် ရှိပြီဖြစ်လို့စစ်ရှောင်အများစုဟာ နေရပ်ပြန်ကြတာဖြစ်ပေမယ့် အရေးကြီးပစ္စည်းတွေကိုတော့ ပြန်လည်ယူဆောင်သွားခြင်း မရှိဘဲ စစ်လွတ်ရာလို့ ယူဆရာနေရာတွေကို ပြောင်းရွေ့ထားကြပြီး လူတွေပဲပြန်ကြတာဖြစ်တယ်လို့ သိရပါတယ်။
အိမ်မှာလာရှောင်နေတဲ့သူတွေတော့ ပြန်သွားကြပြီ။ အဆင်ပြေလား မပြေလား မသိရသေးဘူး။ ဖုန်းလိုင်းတွေ ပြန်မရသေးဘူး လို့ ရွှေသောင်ယံဒေသခံ တဦးကဆိုပါတယ်။
ဒါ့အပြင်ပုသိမ်ဖက်ကရွာတွေမှာ စစ်ရှောင်နေကြတဲ့သူတွေလည်း ပြန်ကုန်ကြပြီလို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ပုသိမ်က ကားဆရာတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အအေးပိုလာခဲ့တာကြောင့် ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြသူတွေ စောင်နဲ့ အဝတ်အစားလိုအပ်ချက်တွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အများစုဟာ နေရပ်ပြန်ကုန်ကြပြီလို့ သူက ရှင်းပြပါတယ်။
ဒီအချိန်က သူတို့အတွက် အလုပ်ပေါတဲ့ရာသီ ငွေရှာကောင်းတဲ့ရာသီကိုး တိုက်ပွဲတွေရပ်ထားတယ်ဆိုတော့ အရဲစွန့်ပြန်ကြတာ လို့ သူကဆိုပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မကျီးဇင်မှာ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေဆဲဖြစ်ပြီး အခြေအနေ အသေးစိတ် သိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တိုက်ပွဲသတင်းတွေနဲ့ လှုတ်ခတ်ခဲ့တဲ့ မကျီးဇင်၊ ဘောမိ အပါအဝင် ဂျိတ်လက်၊ မာ့သာ၊ တောင်နီမော်၊ မီးလောင်ချိုင်၊ ကျွန်းချောင်း၊ သပေါ့ကန်၊ သဲကျင်း၊ ပိုးလောင်း၊ ဝက်သေ၊ ကျူတော၊ သဲကုန်း၊ အုန်းချောင်း၊ ခရင်ချောင်း စတဲ့နေရာတွေအထိ အခြေအနေတည်ငြိမ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်တိုးချဲ့နေပြီး လက်နက်ကြီး၊ လက်နက်ငယ် စမ်းသပ်ပစ်ဖောက်တာတွေတော့ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။