အရပ်သားကိုလက်သီးနဲ့ထိုးတဲ့ ရဲကို အရေးယူမယ်

၁၁ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

ပုသိမ်မြို့မှာ အရပ်သားတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူထားပြီလို့ ရေကြောင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူးက ပြောပါတယ်။

မနေ့ကည(၁၁)နာရီခွဲခန့်က အမှတ်(၆)ရပ်ကွက် ၊ကမ်းနားလမ်းမှာဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တဲ့အတွက်ကမ်းနားလမ်းက ရေကြောင်းရဲတပ်ဖွဲ့၀င်(၃)ဦးကသွားရောက် ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

ဆိုင်ကယ်တိုက်သူက ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့ဝင် (၂)ဦးကလိုက်လံဖမ်းဆီးပြီး အပြန်မှာ လမ်းမှာလူရှုပ်နေတာနဲ့ ပတ်သတ်ပြီး စိတ်လိုက်မာန်ပါပြောဆိုခဲ့ပြီး လာရောက်ကူညီနေတဲ့ ဦး၀င်းထွန်းနိုင်ကိုလက်သီးနဲ့ထိုးခဲ့တာပါ။

ရေကြောင်းရဲတပ်ဖွဲ့၀င်(၃)ဦးရဲ့ ပြည်သူအပေါ် စိတ်လိုက်မာန်ပါပြုလုပ်တဲ့ကိစ္စနဲ့ ပါတ်သက်ပြီး “ညကဖြစ်စဥ်ကိုစစ်ဆေးပြီး ပါရင်ပါသလို မပါရင်မပါသလို အရေးယူမှာဖြစ်ပါတယ်”လို့ ရေကြောင်းရဲတပ်ဖွဲ့ (ပုသိမ်) တပ်ဖွဲ့စုမှူးကပြောပါတယ်။

“ကျွန်တော်ကတော့အမူဖွင့်မှာ ကျွန်တော်တို့က ပရဟိတစိတ်နဲ့ကူညီတာလေ ခုလို လုပ်တော့ဘယ်ကောင်းမလဲ ဒီလိုလုပ်တော့ပြည်သူကဘယ်အမြင်ကြည်တော့မလဲ”လို့ ညက ရဲတပ်ဖွဲ့၀င်ရဲ့ လက်သီးနဲ့ထိုးတာခံခဲ့ရတဲ့ ကို၀င်းထွန်းနိုင်ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်သူကို လက်ရောက်မှုပြုလုပ်ခဲ့တဲ့ ရေကြောင်းရဲတပ်ဖွဲ့၀င်(၃)ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာထိန်းသိမ်းထားပြီး ရဲစည်ကမ်းနဲ့အညီအရေးယူသွားမယ်လို့သိရပါတယ်။