ပုသိမ်နဲ့ ဖျာပုံမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ငွေကျပ်သိန်းချီကောက်ခံနေ

Photo – စစ်ကောင်စီ (ပုံစာ-ဧရာဝတီတိုင်းအတွင်းက စစ်မှုထမ်းသင်တန်းတခုကိုတွေ့ရစဉ်)

ဇန်နဝါရီ၊ ၇

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တွေက စစ်မှုထမ်းဥပဒေအကြောင်းပြကာ စစ်မှုထမ်းအပတ်စဉ်တခုစတင်တိုင်း ဒေသခံတွေကိုဖိအားပေးပြီး 

ငွေကျပ်သိန်းချီကောက်ခံနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ 

“စစ်မှုထမ်း အပတ်စဉ်တိုင်း ကောက်တာပါ၊ အုပ်မှူးတွေကတော့ စစ်မှုထမ်းအကြောင်းပြပြီး စီးပွားရှာနေကြတာ တော့ အကုန်လုံးပါပဲ”လို့ ပုသိမ်ဒေသခံတဦးက DNA ကို ပြောပါတယ်။ 

ပုသိမ်မြို့ရဲ့ တဖက်ကမ်းမှာရှိတဲ့ ပုသိမ်မြို့နယ်ထဲက မကျီးကုန်း၊ ချောင်းဝ၊ ရှမ်းကုန်း၊ သုံးအိမ်တန်း စတဲ့ကျေးရွာ တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အကြုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်တွေ ရှိတဲ့ အိမ်တွေမှာ တယောက် ခုနစ်သောင်းကျော်နှုန်းနဲ့ ကောက်ခံနေတာပါ။

ဒါ့အပြင် အိမ်ထောင်စုထဲ စစ်မှုထမ်းဥပဒေအရ အသက်အကြုံးဝင်သူ သုံးဦးရှိပါက နှစ်သိန်းကျော်အထိ ပေးနေရ ပြီး မပေးရင် စစ်မှုထမ်းဖို့ မဲနှိုက်ရမယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

“ပေးကြရတာပဲလေ၊ မပေးရင် စစ်တပ်ခေါ်မယ်၊စစ်မှုထမ်းပို့မယ် ခြိမ်းခြောက်နေတာ”လို့လည်း အထက်ပါ ပုသိမ်ဒေသခံက ဆက်ပြောပါတယ်။ 

ဒါ့အပြင် ပုသိမ်မြို့ပေါ်မှာလည်း အဲလို ပိုက်ဆံကောက်ခံတာတွေ ရှိနေပြီး အုပ်ချုပ်ရေးမှူးတွေဘက်ကတော့ စစ်မှု ထမ်းဖို့ လူအစားထိုးလိုက်ပေးမယ့်သူတွေကို ပေးရတဲ့ ပိုက်ဆံပမာဏများလာလို့ ကောက်ခံတဲ့ ပမာဏလည်း များလာတာဆိုပြီး အကြောင်းပြတယ်လို့ ဆိုပါတယ်။ 

“ပိုက်ဆံမပေးချင်လည်းရတယ်၊ ပေးချင်လည်းရတယ်၊ ဒါပေမယ့် မပေးဘူးဆိုလို့ရှိရင်တော့ လာဆွဲတဲ့အခါကျ လို့ရှိရင် အသာတကြည်လိုက်သွားကြ၊ သူတို့လည်း ဘာမှကာကွယ်မပေးနိုင်ဘူးပေါ့၊ အဲလိုမျိုးပြောပြီး ကောက် တာ” လို့ ပုသိမ်မြို့ခံ လူငယ်အမျိုးသားတဦးက ပြောပါတယ်။ 

အလားတူပဲ ဖျာပုံမြို့နယ်၊ ခရိုင်ဘော်ကျေးရွာအုပ်စုထဲပါတဲ့ ခရိုင်ဘော်၊ ဓနုံးချောင်း တမံကြီး၊ တူးမြောင်း စတဲ့ ရွာတွေမှာလည်း စစ်မှုထမ်းဥပဒေအရ အသက်အကြုံးဝင်တဲ့ သူတွေဆီကနေ တယောက် သုံးသောင်းနှုန်းနဲ့ လ စဥ် ကောက်ခံနေတာ တနှစ်နီးပါးရှိပြီလို့ သိရပါတယ်။ 

“ဥပဒေထုတ်ပြီးကတည်းက ထည့်ရတာ၊ သူတို့သတ်မှတ်တဲ့ အသက်နဲ့သုံးယောက်ရှိရင် (တအိမ်)ကိုးသောင်း ထည့်ရတယ်၊ အုပ်ချုပ်ရေးမှူးက ဖုန်းဆက်တောင်းတယ်၊ လူခေါ်ပြီးတောင်းတယ်၊ လူငှားထည့်ရမယ်ဆိုပြီး တောင်းတယ်၊ သူတို့ လူငှား မငှားတော့ ပြည်သူကိုတင်မပြကြဘူး” လို့ ခရိုင်ဘော်ကျေးရွာအုပ်စုထဲက ဒေသခံတဦးက DNA ကို ပြောပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းဥပဒေအရ အသက်အကြုံးဝင်တဲ့ သူတွေမရှိတဲ့ နေအိမ်တွေကနေလည်း လစဥ် နှစ်သောင်း ကောက်ခံနေတယ်လို့ သူက ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီက မနှစ် ဖေဖော်ဝါရီမှာ ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ ဖွင့်လှစ်သင်တန်းပေး နေတာ အပတ်စဥ် ရှစ်အထိ ရှိလာနေပြီဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ စစ်သားအဖြစ် မစုဆောင်းခံရဖို့ ငွေကြေး ပေးဆောင်နေရတာတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေပါတယ်။ 

ဧရာဝတီတိုင်းထဲမှာတော့ အခုလို ငွေကြေးပေးဆောင်ရတာတွေ မြို့နယ်အားလုံးနီးပါးမှာရှိနေပြီး အဲဒီအခြေအ နေ အသေးစိတ်ကို သိရဖို့ DNA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။စစ်မှုထမ်းခေါ်ယူရေးကိစ္စတွေ နဲ့ပတ်သက်လို့ ဥပဒေပြဌာန်းချက်တွေအတိုင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီကဆိုထားပေမဲ့ နည်းဥပဒေဆက် လက်ပြဌာန်းတာမရှိသလို မြေပြင်မှာလည်းရရာည်းလမ်းနဲ့လူစုဆောင်းတာ၊ခြိမ်းခြောက်ငွေတောင်းတာတွေ ကျယ်ကျယ်ပြန့် ပြန့်ရှိနေတာပါ။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တင်းတင်းကျပ်ကျပ် အရေးယူကိုင်တွယ်တာမျိုးမရှိတာကြောင့် စစ် ကောင်စီထောက်ခံသူတွေကြားမှာပါ ဝေဖန်ခံရတဲ့ အခြေအနေတခုဖြစ်နေပါတယ်။