ဒီဇင်ဘာ၊ ၂၆
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်-မုံရွာလမ်း အနောက်ဘက်ခြမ်းမှာ ရှိတဲ့ကျေးရွာတွေဟာ ကားလမ်းအရှေ့ခြမ်းက နီးစပ်ရာရွာတွေကို စစ်ရှောင်နေကြရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့ကနေ ၅၃ မိုင်သာဝေးတဲ့ ရခိုင်ပြည်နယ်ထဲက ဂွမြို့ကိုအာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ချိန်က စပြီး ရေကြည်၊အင်္ဂပူ၊လေးမျက်နှာမြို့နယ်ထဲက ရွာတွေ စစ်ရှောင်ကြတာ ဖြစ်ပါတယ်။
ရွှေ့ရမယ် သတင်းထွက်တာ ၁၅ ရက်ကျော်ပြီ။လူတွေ စရွှေ့ကြတာတော့ တပတ်လောက်ရှိပြီ။ရွာလုံးကျွတ်မဟုတ်ဘူး ၊ အဆင်ပြေရာ ရွှေ့ကြတာမျိုးလို့ ဂွ-ငသိုင်းချောင်းလမ်းပေါ်က စပြင်ရွာသား တဦးက ပြောတာပါ။
ရိုးမတောင်ခြေအစပ် ရေကြည်မြို့နယ်ထဲက ဆစ်ကနီခုံ ၊ ကွင်းကလေး ၊ ရွှေလောင်းကျင်း နဲ့ လေးမျက်နှာမြို့နယ်ထဲက လဲခုံကြီးအုပ်စု ၊လဲခုံလေး အုပ်စု ၊ ဝါးတောကွင်းအုပ်စု ၊ အင်္ဂပူမြို့နယ်ထဲက ကျီးပင်အုပ်စု ၊ ကျောက်တလုံး အုပ်စုက ကျေးရွာတွေ ပြောင်းရွှေ့နေကြရတာဖြစ်ပါတယ်။
ရွာတွေရွှေ့ဖို့က ဘယ်က အမိန့်မှန်းမသိပေမဲ့ ၊ရွာလူကြီးတွေကနေ အထက်က ပြောတယ် ။ မြို့နယ်က ပြောတယ်ဆိုတာမျိုးနဲ့ လူတွေကြားမှာ အမိန့်တွေက ရောက်လာတာလို့ ကျီးပင်အုပ်စုက ကိုကောင်း(အမည်လွှဲ)က ရှင်းပြပါတယ် ။
လက်ရှိ ပြောင်းရွှေ့နေကြရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီဘက်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတယ်လို့လည်း သိရပါတယ် ။ အဲဒီဒေသတွေဟာ အရင်ကာလတွေကတည်းက တောင်ယာလုပ်ငန်း အပြင် သစ်၊မီးသွေး စတဲ့ လုပ်ငန်းတွေကို မှီခိုနေကြတဲ့ ကျေးရွာတွေဖြစ်ပြီး အခုနောက်ပိုင်း စစ်တပ်က တောင်ပေါ်တက်ခွင့်ကို မကြာခဏ ပိတ်ထားတာတွေ ရှိနေလို့ စားဝတ်နေရေး အခက်တွေ့နေကြသူတွေ ဖြစ်ပါတယ်။
အခု တောပိတ်တာလည်း(တောင်ပေါ်အလုပ်လုပ်ခွင့်) ၁၀ ရက်ကျော်ပြီ။အကုန်ပိတ်တာ ၊ တယောက်မှ မတက်ရ မလုပ်ရဆိုတာမျိုး။အရင်က တချို့ချောင်းတွေ ပေးကမ်းတက်လို့ရတယ်။အခုတော့ အကုန်ပိတ်ထားလိုက်ပြီလို့ ဒေသခံ တဦးကပြောပါတယ်။
လက်တလောမှာ ဂွ-ငသိုင်းချောင်း လမ်းပေါ်က စပြင်တို့ ၊ ၂၄ မိုင် စတဲ့နေရာတွေက ဆိုင်ခန်းအားလုံးကို ပိတ်ထားရပြီး လူတွေပါ စတင်ရွှေ့ပြောင်းနေကြပြီလို့သိရပါတယ် ။
ငသိုင်းချောင်းမြို့ပေါ် ၊ရေနံသာလမ်းဆုံနဲ့ ၃၄၄ အမြှောက်တပ် စတဲ့နေရာတွေမှာလည်း စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်နေတယ်လို့ ငသိုင်းချောင်းမြို့ခံတဦးက DNA ကိုပြောပါတယ်။
ရခိုင်ဘက်က လာတဲ့ စစ်ဘေးရှောင်တွေကို ဖိအားပေး စစ်ဆေးတာ ၊ ပိုက်ဆံတောင်းတာတွေ ရှိတယ် ။မြို့ပေါ်မှာလည်း ကားတွေနဲ့ ကင်းလှည့်တာ ၊ တပ်ရွှေ့တပ်ပြောင်း လုပ်နေတာတွေလည်း မြင်နေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ပုသိမ်ခရိုင် နဲ့ ဟင်္သာတခရိုင် တွေဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေပြီး ၊ ပုသိမ်ခရိုင်ထဲက ရေကြည် ၊သာပေါင်းမြို့နယ်တွေနဲ့ ဟင်္သာတခရိုင်ထဲက ကြံခင်း၊မြန်အောင်၊အင်္ဂပူ၊လေးမျက်နှာမြို့နယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း ရေကြည်၊ငသိုင်းချောင်း၊ကျုံပျော်၊ရွေသောင်ယံနဲ့ကျောင်းကုန်းစတဲ့ဒေသတွေမှာလည်း ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို စစ်ဆေးမေးမြန်းတာတွေတင်းကျပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“၁၁မျည်းစောင်းတွေကို မေးတာစစ်တာလုပ်နေတယ်၊ ဖမ်းတာတော့မကြားသေးဘူး”လို့ ကျောင်းကုန်းဒေသခံတဦးကပြောပါတယ်။
ဧရာဝတီတိုင်း ငသိုင်းချောင်းနဲ့ထိစပ်နေတဲ့ ဂွမြို့နယ်ကို AAကထိုးစစ်အပြင်းအထန်ဆင်နေပြီး တမြို့နယ်လုံးကို ထိန်းချုပ်ထားလိုက်ပြီလို့လည်း သတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။
ဒါနဲ့ပတ်သတ်လို့ သီးခြားအတည်ပြုချက်မရသေးပေမယ့် စစ်ကောင်စီဖက်ကတော့ ဂွ-ငသိုင်းချောင်းလမ်းအပါအဝင် ရခိုင်နဲ့ ဧရာဝတီ နယ်စပ်မြို့တွေမှာ စစ်ကူဖြည့်ပြီး လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပါတယ်။
AAက ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်သိမ်းပိုက်ပြီးရင် ဧရာဝတီတိုင်းဖက်ကို မဟာမိတ်တွေနဲ့အတူ စစ်ရေးပြင်လာမယ်လို့ သုံးသပ်ထားကြတာလည်းဖြစ်ပါတယ်။
ဧရာဝတီတိုင်းထဲက ပုသိမ်ခရိုင် နဲ့ ဟင်္သာတခရိုင် တွေဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေပြီး ၊ ပုသိမ်ခရိုင်ထဲက ရေကြည်၊ သာပေါင်းမြို့နယ်တွေနဲ့ ဟင်္သာတခရိုင်ထဲက ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာမြို့နယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။