လောင်းလုံး၊ ကျောက်နီမော်ရွာမှာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက စခန်းမကျရေး လေကြောင်း၊ ရေကြောင်းသုံးခုခံ

ဒီဇင်ဘာ၊ ၂၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူး ပေါင်းတပ် စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၃ ရက်၊ မနက်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်အကြာ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေ ဆီကနေ သိရပါတယ်။

“လေယာဥ်က မနေ့ကတော့လာတယ်၊ ဒီနေ့တော့ လေယာဥ်မလာသေးဘူး၊ မြိတ်ကနေလည်း စစ်သင်္ဘော တက်လာတယ်၊ ထားဝယ်ဘက်ကနေလည်း လှေနဲ့ စစ်ကူပို့တာ၊ တိုက်ပွဲကတော့ ဆက်ရှိနေတုန်းပဲ” လို့ တိုက်ပွဲမှာပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

ထားဝယ်မြစ်ဝမှာရှိတဲ့ အဲဒီကျောက်နီမော်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား သုံးဆယ် ဝန်းကျင်လောက်နဲ့ စခန်းချထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီစခန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေး တပ်တွေက ပူးပေါင်းထိုးစစ်ဆင်နေတာပါ။

အရင်ကလည်း အဲဒီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပေမယ့် စခန်းနေရာတချို့ကိုသာ သိမ်း ပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အလုံးစုံသိမ်းပိုက်နိုင်တာမျိုးတော့ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဘက်ကတော့ စခန်းတိုက်ခိုက်ခံရတဲ့နေ့ ညနေပိုင်းကတည်းက ကျောက်နီမော်ရွာ တော င်ဘက် ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်သလို မနေ့ မနက် ၁၁ နာရီလောက်မှာလည်း မြိတ်လေတပ်စခန်းကနေတက်လာတဲ့ K8 W ဂျက်ဖိုက်တာနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဘက်က စစ်ကူလာတာက ထားဝယ်ကနေ လှေနဲ့လာတာရော၊ စစ်သင်္ဘောကနေ ဝင်လာတာရောဆို တရာလောက်တောင်ရှိမယ်၊ အထိအခိုက်ကတော့ နှစ်ဖက်စလုံးပဲ၊ ကျွန်တော်တို့ဘက်လည်း ကျထားတာ တွေရှိတယ်” လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျောက်နီမော်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်မယ်ဆိုရင် လောင်းလုံးမြို့ရဲ့ တောင်ဘက် တခြမ်းလုံးမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်အတွက် ထားဝယ်မြစ် အတွင်း ရေကြောင်းစိုးမိုးမှုအတွက်လည်း စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။

ဒါ့အပြင် ကျောက်နီမော်ရွာမှာ ငါးဖမ်းစက်လှေကြီးတွေလည်း ဆိုက်ကပ်ရတာကြောင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းအတွက်လည်း အရေးပါပါတယ်။

ကျောက်နီမော်နဲ့ အနီးအနားတဝိုက်ရွာတွေဖြစ်တဲ့ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ဇလွတ်၊ ညောပြင် စတဲ့ရွာတွေက ဒေသခံအများစုကတော့ စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အရင်ကတည်းက တိမ်းရှောင်နေကြပြီး အခုလို တိုက်ပွဲထပ်ဖြစ်တာကြောင့် လက်ကျန်​ဒေသခံတွေပါ တိမ်း ရှောင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်နီမော်ရွာထဲ ပိတ်မိနေတဲ့ ဒေသခံတချို့လည်းရှိနေပြီး ဆက်သွယ် ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် သူတို့ရဲ့အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။