ဒီဇင်ဘာ၊ ၁၇
ပွဲလမ်းသဘင်တွေတက် ကျိုးကြောင်းမဆီလျော်တဲ့ စကားတွေပြောပြီး အမှန်တရားကိုလက်မခံသေးတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တော့ ဘယ်လိုနေမယ်မသိ။
AAကထုတ်ပြန်လိုက်တဲ့ ရုပ်သံဖိုင်တခုကတော့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ လော်ဘီတွေကို နောက်ထပ်ဂယက်ရိုက်စေခဲ့မှာပါ။
ရခိုင်ပြည်နယ်မှာ စစ်ရေးအကြီးအကျယ်အသာရနေတဲ့ AAက ဒီဇင်ဘာလ ၁၆ရက်ညပိုင်းမှာ ရုပ်သံဖိုင်တခုကို ထုတ်ပြန်ကာ စစ်ရေးအခြေအနေကို မြင်သာစေခဲ့တာဖြစ်ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ အမ်းမြို့နယ် အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ)ရဲ့ပကတိမြေပြင်အခြေအနေဆိုတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့တာပါ။
အဲဒီရုပ်သံမှာ AAထိုးစစ်ဆင်နေပြီး အမ်းမြို့နယ်က တခုတည်းသာကျန်တော့တဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စကစတပ်ဖွဲ့တွေရဲ့ ဆိုးရွားတဲ့ အနေအထားကို မြင်တွေ့ခဲ့ရတာပါ။
အလံဖြူထောင်ထွက်လာသူတွေ အပါအဝင် ဒဏ်ရာရသူတွေကို ကုန်းပိုးသယ်လာသူတွေ၊ ထော့နင်း ထော့နင်းနဲ့ လက်မြှောက်ထွက်လာသူတွေ စတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းလောက်ကို မြင်တွေ့ရတာဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ” စောစောအလံဖြူထောင်လျှင် စောစောအသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” လို့လက်နက်ချဖို့ AAကတိုက်တွန်းထားတာတွေ့ရပါတယ်။
AAက နပခရဲ့ အဓိကကာကင်းဗျူဟာစခန်းတွေနဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းကတည်းက အဆင့်ဆင့်သိမ်းပိုက်ပြီး တမြို့နယ်လုံးနီးပါးကို ထိန်းချုပ်ထားတာပါ။ အဲဒီနောက် အမ်းမြို့နယ်က နောက်ဆုံးလက်ကျန် နပခ ဌါနချုပ်ကို ပိတ်ဆို့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
မြေပြင်သတင်းရင်းမြစ်တဦးကလည်း နပခဌာနချုပ်က ကျဆုံးပြီလို့ ပြောနိုင်ပြီး AAရဲ့ တရားဝင် ထုတ်ပြန်ချက်သာ စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။
နပခသာ ကျဆုံးရင်တော့ စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တခုကို လက်လွတ်ရတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို
ကိုးကန့်တပ်ဖွဲ့(MNDAA) ပြီးခဲ့တဲ့ သြဂုတ်လဆန်းက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ လေးလကျော်အကြာမှာ တိုင်းစစ်ဌာနချုပ်တခုကို ထပ်မံလက်လွတ်ရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် AAက ရခိုင်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် (စကခ) သုံးခုလုံးကိုလည်း သိမ်းပိုက်ထားတာပါ။