တလအတွင်း ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ သုံးဆယ်ကျော် ခိုလှုံလာတယ်လို့ NUG ပြော

Photo – DDMSC

ဒီဇင်ဘာ၊ ၁၆

ပြီးခဲ့တဲ့ နိုဝင်ဘာလ တလတာအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးအပါအဝင် စစ်သားနဲ့ရဲ စုစုပေါင်း ၃၃ဦး တော်လှန်ရေးအင်အားစုတွေဆီချိတ်ဆက်ခိုလှုံလာခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့အသိပေးပါတယ်။

အဲ့ဒီခိုလှုံလာသူတွေထဲက နှစ်ဆယ်ဦးဟာ လက်နက်ခဲယမ်းတွေယူလာခဲ့ကြတာကြောင့် လက်နက်မျိုးစုံ ၂၀လက်နဲ့ ခဲယမ်းတွေရခဲ့ပြီး ဗိုလ်မှူးတဦးအပါအဝင် နောက်ထပ် ၁၃ဦးကတော့ လက်နက်မဲ့ ခိုလှုံလာကြတာလို့ သိရပါ တယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ခိုလှုံလာသူတွေထဲက ၂၆ဦးဟာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တဲ့ခုနစ်ဦးကတော့ ရဲတပ်ဖွဲ့ဝင်တွေပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲကခိုလှုံလာသူတွေထဲ ဗိုလ်မှူးနဲ့ ဒုအရာခံဗိုလ်အဆင့်အရာရှိတဦးစီ ပါဝင်တာတွေ့ရပါတယ်။

စစ်ကောင်စီကိုစွန့်ခွာလာသူတွေထဲက လက်နက်ခဲယမ်းယူလာသူတွေကို လက်နက်တန်ဖိုးအလိုက် သတ်မှတ်ဂုဏ် ပြုငွေတွေပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။၂၀၂၁စစ်အာဏာသိမ်းပြီးနောက် အခုနှစ်ကုန်ပိုင်းအထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီကိုစွန့်ခွာလာတဲ့ လက်အောက်ခံတပ်ဖွဲ့ဝင် ၁၅,၀၀၀ လောက်ရှိတယ်လို့ NUG က ပြောထားပါတယ်။

အဲ့ဒီ ၁၅,၀၀၀ ဝန်းကျင်ထဲမှာ စစ်သား ၃၇၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်ပါဝင်တယ်လို့ NUG ဝန်ကြီးချုပ် ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလဒုတိယပတ်အတွင်းပြောထားပါတယ်။

အခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ ၁၁လအတွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၇၅ဦး ဘက်ပြောင်းခိုလှုံလာခဲ့ကြပြီး ခိုလှုံလာသူတွေထဲဒုတိယဗိုလ်မှူးကြီးအဆင့်ကနေ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူး အဆင့်အရာရှိတွေပါ ပါဝင်တယ်လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

အခုနှစ် ၁၁လအတွင်း စစ်ကောင်စီကိုစွန့်ခွာပြီး ခိုလှုံလာကြသူတွေထဲ ခြေလျင်တပ်သား သုံးရာကျော်၊ရေတပ်နဲ့ လေတပ်က ၁၁ဦးစီ၊ရဲတပ်ဖွဲ့ဝင် ၁၃၃ဦး၊အကျဉ်းဦးစီးဌာနဝန်ထမ်း ငါးဦးတို့ပါဝင်ကာ သူတို့အထဲက ၁၉၁ဦးက တော့ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီကိုစွန့်ခွာခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်အတွင်း စစ်ကောင်စီကိုစွန့်ခွာပြီးတော်လှန်ရေးတပ်တွေဆီ ခိုလှုံခဲ့ကြသူတွေထဲ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ်စုဆောင်းခံရသူ ၃၃ဦးလည်းပါဝင်တယ်လို့ NUG ကပြောပါတယ်။