ဒီဇင်ဘာ ၊ ၁၄
အာရက္ခတပ်တော် ( AA)ရဲ့ ထိုးစစ် ဧရာဝတီတိုင်းအစပ်ကို ရောက်ရှိလာချိန်မှာ စောင့်ကြည့်ရမယ့် သတင်းတခုထွက်ပေါ်လာပါတယ်။ ဧရာ၀တီတိုင်းကို ဝင်ရောက်မယ့် တော်လှန်ရေးတပ်ဖွဲ့တိုင်း စစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုအောက်မှာဖွဲ့စည်းခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်စွဲနဲ့သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေကို ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲရယူနိုင်ဖို့ မဟာမိတ် (EROs) တွေနဲ့ လက်တွဲပူးပေါင်းပြီးတိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းက လေးနှစ်တာတော်လှန်ရေးကာလအတွင်းမှာ စစ်ရေးလှုပ်ရှားမူ အနည်းဆုံး ဒေသတခုလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဂွမြိုနယ်ကို AAက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတာပါ။ ဂွမြို့သိမ်းပိုက်ပြီးရင်တော့ AAထိုးစစ်က ရိုးမအရှေ.ခြမ်း ပြည်မဒေသတွေဆီ ဦးတည်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြတာဖြစ်ပါတယ်။
AAက ဧရာဝတီနဲ့မကွေးတိုင်းဖက်က တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေး ရှိတာလည်း ဖြစ်ပါတယ်။
လက်တလောမှာ စစ်ကောင်စီဖက်က ခမရ (၅၆၂) နဲ့ (၅၆၃) တပ်ရင်း နှစ်ရင်းရှိတဲ့ ဂွမြို့ကို ဧရာ၀တီတိုင်း အပါအဝင် ပြည်မဖက်ကစစ်ကူတွေနဲ့ အင်အားဖြည့်တင်း ခုခံစစ်ပြင်နေတယ်လို့ စစ်ရေးစောင့်ကြည်သူတွေက ပြောပါတယ်။
ဒါ့အပြင် အမြှောက်စခန်းတွေ တိုးချကာ ၅၃မိုင်လောက်ကွာဝေးတဲ့ ဂွ-ငသိုင်းချောင်း(ဧရာဝတီတိုင်း) လမ်းမှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ဆိုပါတယ်။