
နိုဝင်ဘာ၊ ၂၉
အာရက္ခတပ်တော်(AA) အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ မြို့နယ်လေးခုထဲကစစ်ကောင်စီရဲ့ အမှတ်၅ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်(စကခ-၅) အခြေစိုက် တောင်ကုတ်မြို့ကိုအလုံးစုံ ထိန်းချုပ်ထားနိုင်ပြီးလက်ကျန်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ဖို့တိုက်ခိုက်နေပါတယ်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွေအဖြစ် စစ်ကောင်စီရဲ့ တောင်ကုတ်မြို့ပြင်ပရှိစခန်းတွေဖြစ်တဲ့ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နဲ့ရာဘာခြံရှိ စစ်ကောင်စီစခန်းတွေ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီ အခိုင်အမာစခန်းချနေထိုင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းဆောင်တွေ၊ အာလိမ်ငါးဆင့်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်းနဲ့ ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေ၊ တောင်ကုတ်မြို့အဝင် စစ်ကောင်စီစကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီစခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီစခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ တောင်ကုတ်မြို့မ ရဲစခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၄) ရက်ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးသိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကိုနိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ AAကထုတ်ပြန်ပါတယ်။
တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီတောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့စကခ (၅) တပ်မဌာနချုပ် နဲ့ လက်အောက်ခံ ခမရ (၃၄၆) ၊ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတွေကို တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ကိုမစတင်မီ ကတည်းကတောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးတောင်ကုတ်မြို့ရှိ စစ်ကောင်စီစခန်း အနီးပတ်ဝန်းကျင်ဒေသခံပြည်သူလူထုတွေရှိပါက တိုက်ပွဲနဲ့ ဘေးလွတ်ရာခေါ်ဆောင်ထားကာဒေသခံပြည်သူလူထု အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။အခြားတစ်ဖက်မှာလည်းတောင်ကုတ်မြို့ပြင်၊ မြို့အတွင်းဒေသခံ ပြည်သူလူထုတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ဆော်သြထားပြီးအများစုပြည်သူထုထုကိုလည်း တိုက်ပွဲနဲ.ကင်းလွတ်ရာနေရာများကိုရွှေ့ပြောင်းထားခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ကြိုတင်သတိပေးထားလို့ တိုက်ပွဲလွတ်ရာ ရှောင်တိမ်းကြတဲ့ ပြည်သူတွေရှိသလိုနေအိမ်တွေမှာ ကျန်ရစ်ခဲ့သူတွေလည်းရှိနေတယ်လို့ AAကပြောပါတယ်။
လက်ရှိအချိန်မှာတောင်ကုတ် မြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်လုံးဝမရှိတော့ဘဲ အာရက္ခတပ်တော်မှထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် ဒေသခံပြည်သူအချို့နဲ့ ပြည်သူပိုင်ပစ္စည်းကိုခိုးယူရန်ချောင်းနေကြတဲ့ တောကြောင်တွေ
ကျန်နေသေးလို့လက်ကျန်ပြည်သူတွေ အသက် အန္တရာယ်စိုးရိမ်တာကြောင့်ဘေးလွတ်ရာ ဆက်လက်ရွေ့ပြောင်းနေတယ်လို့ AAကထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ စကခလို့ခေါ်တဲ့စစ်ဆင်ရေးကွပ်ကဲမူဌါနချုပ် သုံးခုရှိပြီး ကျောက်တော်နဲ့ဘူးသီးတောင်အခြေစိုက်စကခတွေကို AAကသိမ်းပိုက်ထားတာပါ။ အခုတောင်ကုတ်အခြေစိုက် စကခ-၅သာလက်လွတ်ရရင်တော့ စစ်ကောင်စီက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်တွေက ဒေသကွပ်ကဲမူစစ်ဌါနချုပ်(ဒကစ)တို့သာ အဓိကကွပ်ကဲရေးဌာနချုပ်လောက်ကျန်ရှိတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းအစပ် တောင်ကုတ်မြို့သာလက်လွတ်ရရင်တော့ AAက ပြည်မဒေသတော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်နိုင်ဖို့လမ်းပွင့်သွားပြီလို့ဆိုနိုင်ပါတယ်။
“အရင်ကလည်းပြောဖူးပါတယ်၊ တပ်တော်ကနောက်ကျောလုံဖို့ ရိုးအရှေ့ဖက်ခြမ်းကိုကာမှာပဲ၊ မဟာမိတ်တွေလည်းရှိတယ်လေ”လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
တောင်ကုတ်နဲ့ပဲခူးတိုင်းပြည်မြို့က မိုင်တရာစွန်းစွန်းသာကွာဝေးတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ AAကထိုးစစ် တနှစ်တာကာလလောက်အတွင်း ရခိုင်ပြည်နယ်၁၇မြို့နယ်မှာ ၁၀မြို့နယ်(တောင်ကုတ်မပါသေး)နဲ့ ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် မောင်တော၊ အမ်း၊ ဂွနဲ့တောင်ကုတ်မြို့နယ်တွေကို အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။