နိုဝင်ဘာ၊ ၂၀
လက်ရှိမြန်မာနိုင်ငံ လူလေးဦးမှာ တဦးနှုန်းနဲ့ စားနပ်ရိက္ခာမလုံလောက်မှုရင်ဆိုင်နေရပြီး နိုင်ငံလူဦးရေစုစုပေါင်းရဲ့ လေးပုံတပုံနီးပါးဖြစ်တဲ့ လူ ၁၃ဒသမ ၃သန်းဟာ စားနပ်ရိက္ခာ မလုံမလောက်ဖြစ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကပြောပါတယ်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုပေါ်ပေါက်လာအပြီး လပိုင်းအကြာမှာကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွား ရေးကျဆင်းမှုတွေကြောင့်မြန်မာနိုင်ငံဟာ အငတ်ဘေးကျရောက်လာနိုင်တယ်လို့ WFP က ဟောကိန်းထုတ်ထား ခဲ့တာပါ။
WFP လိုပဲ ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်တဲ့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP ကတော့ မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်ဒေသတခုတည်းမှာတင် လူဦးရေနှစ်သန်းကျော်လောက် အငတ်ဘေးကျရောက်နိုင်တဲ့ အန္တရာယ် ရင်ဆိုင်နေရတယ်လို့ အခုလ ၇ရက်မှာ ထုတ်ပြန်သတိပေးထားပါသေးတယ်။
အာဏာသိမ်းကာလ လေးနှစ်ပြည့်ဖို့ လပိုင်းလောက်သာ လိုတော့ချိန်လက်ရှိမှာတော့ နိုင်ငံ့လူဦးရေရဲ့ လေးပုံတပုံ နီးပါး စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသလို နောက်ထပ်လူဦးရေ သုံးသန်းခွဲလောက်ဟာလည်း ပဋိပက္ခတွေ ကြောင့် အိုးအိမ်မဲ့ပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ WFP ရဲ့အချက်အလက်တွေကဖော်ပြပါတယ်။
အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်း စစ်မက် ပဋိပက္ခတွေကြား အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေကိုစောင့်ကြည့်နေတဲ့ Data For Myanmar အဖွဲ့ကတော့ လက်ရှိသုံးနှစ်ကျော်ကာလအတွင်း မီးရှို့ ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်းတသိန်းကျော်ပျက်စီးခဲ့တယ်လို့ ပြောထားပါတယ်။
ဒီလို စစ်မက် ပဋိပက္ခတွေအပြင် အာဏာသိမ်းကာလအတွင်း ကြုံခဲ့ရတဲ့ ပြင်းထန်တဲ့ သဘာဝဘေးတွေ၊စီးပွားရေး ကျဆင်းလာမှု၊ပြည်တွင်းသုံးကျပ်ငွေတန်ဖိုးနိမ့်ကျလာမှု၊အလုပ်အကိုင်အခွင့်အလမ်းရှားပါးလားမှု၊လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေနဲ့ ကုန်စည်စီးဆင်းမှုပိတ်ဆို့ခံရမှုတွေဟာ မြန်မာနိုင်ငံတွင်းစားနပ်ရိက္ခာရှားပါးလာစေတဲ့ ရင်းမြစ်တွေလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကထောက်ပြထားကြပါတယ်။
ဒီလိုအခြေအနေတွေကြား WFP အနေနဲ့ လာမယ့် ၂၀၂၅ခုနှစ် မြန်မာနိုင်ငံမှာ လူဦးရေ နှစ်သန်းလောက်ကို အရေး ပေါ်ကယ်ဆယ်ရေး၊အာဟာရပြည့်ဝရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်တွေကတဆင့် အကူအညီ တွေ ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ WFP ဟာ ကျွန်တော်တို့ရဲ့အကူအညီအထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံး လူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်”လို့ WFP မြန်မာရဲ့ ဌာနေကိုယ်စားလှယ် Mr. Dunford ကဆိုပါတယ်။
ဩစတေးလျနိုင်ငံသား Mr. Dunford ဟာ လတ်တလောကမှ မြန်မာနိုင်ငံ WFP ဌာနနေကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်ခံရသူဖြစ်ပြီး WFP မှာ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၂၅နှစ်ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွာဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့ဩ ရ လောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော်တကယ့်ကို အထင်ကြီး လေးစားမိပါတယ်”လို့ သူကသတင်းစကားပါးပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစလို့ နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်မှုအတွင်း လူဦးရေ လေးသိန်းနီးပါးအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီပေးနိုင်ခဲ့ပြီး ၂၀၂၄ခုနှစ်အတွင်း လက်ရှိအချိန်အထိ နိုင်ငံတဝန်းက လူဦးရေ ၁ဒသမ၇သန်းလောက်ကို အထောက်အပံ့တွေပေးနိုင်ခဲ့တယ်လို့ WFP ကဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီကတဆင့် ပေးအပ်နေတာကြောင့် အမှန်တကယ် လိုအပ်နေသူတွေ ဆီ မရောက်ဘဲ ဖြစ်နေပြီး ဒေသအလိုက် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ကူညီသင့်တယ်လို့ တောင်းဆို ထောက်ပြထားမှုကတော့ လက်တွေ့အကောင်အထည်ပေါ်မလာသေးပါဘူး။