ရန်ကုန်မှာ လမ်းမပေါ်ပံ့သကူကောက်သူတွေ ယာဉ်တိုက်ခံရလို့ အနည်းဆုံးတဦးသေ၊ဒဏ်ရာရသူတွေလည်းရှိ

Photo – ကနောင်နာရေးရှင်ရေးကူညီမှုအသင်း

နိုဝင်ဘာ ၊ ၁၆

တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၁၅ရက် မနေ့ညက ရန်ကုန်မြို့ ၊ မြို့နယ်တချို့မှာ လမ်းမတွေပေါ်အထိ ပံ့သကူ ကောက်ယူသူတွေများပြားခဲ့တာကြောင့် ယာဉ်တိုက်မှုတချို့ဖြစ်ကာ ရွှေပြည်သာမြို့နယ်မှာ ကလေးမိခင်တဦး သေဆုံးသွားတယ်လို့ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံ ပုလဲလမ်းမပေါ်မှာ မနေ့ညပိုင်းက ဖြတ်သွားတဲ့ ကားတွေပေါ်က ကြဲချခဲ့တဲ့ ပိုက် ဆံကို လိုက်ကောက်သူတွေထဲက ကလေးသုံးဦးမိခင်အမျိုးသမီးတဦး တက္ကစီနဲ့တိုက်မိတာကြောင့် ဆေးရုံအ ရောက်မှာ သေဆုံးသွားတာလို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ ကနောင် ပရဟိတအသင်းတာဝန်ရှိသူတဦးက ပြောပါ တယ်။

“ရှေ့ကားက ပံ့သကူပစ်သွားတာ၊သားအမိလေးယောက်က လမ်းလယ်ကိုသွားကောက်ချိန် နောက်က တက္ကစီက အရှိန်နဲ့တိုက်မိတာ၊ကလေးသုံးယောက်ကတော့ အတိုက်မခံရဘူး”လို့ အဲ့ဒီတာဝန်ရှိသူက ပြောပါတယ်။

ကားနဲ့တိုက်မိတာကြောင့် ပြင်းထန်ဒဏ်ရာရသွားတဲ့အမျိုးသမီးကို ပရဟိတအဖွဲ့က ဆေးရုံကိုပို့ပေးခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာပဲ သေဆုံးသွားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် တန်ဆောင်တိုင်ကာလကလည်း ရွှေပြည်သာမြို့နယ် မြင်းလှည်းဂိတ်မှတ်တိုင်အနီးမှာ ကား လမ်းပေါ် ပစ်ချခဲ့တဲ့ ပိုက်ဆံ လိုက်ကောက်တဲ့ လူအုပ်စုကို ကားတိုက်မိတာကြောင့် တဦးသေဆုံးကာ တဦးဒဏ် ရာရခဲ့ပါတယ်။

“ကားလမ်းပေါ် ပံ့သကူပိုက်ဆံကြဲတာကိုက မဖြစ်သင့်တာပါ”လို့ ရန်ကုန်မြို့က ပရဟိတအသင်းတခုရဲ့ တာဝန်ရှိ သူတဦးက မှတ်ချက်ပြုပါတယ်။

မနေ့ညက ပံ့သကူကောက်ရင်း ရွှေပြည်သာမြို့နယ်မှာ လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုဖြစ်ခဲ့သလို တခြားမြို့နယ် တချို့မှာလည်း ယာဉ်မတော်တဆမှုတွေဖြစ်ကာ လူထိခိုက်မှုတွေရှိတယ်လို့ ပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။

အလားတူ ဝေဇယန္တာလမ်းမကြီးပေါ်မှာလည်း ကားလမ်းပေါ် ပိုက်ဆံကောက်နေတဲ့လူအုပ် ကားတိုက်မိလို့ လူငါးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ Medical လူငယ်များ လူမှုကူညီရေးအသင်းကပြောပါတယ်။

စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ ဝေဠုဝန်လမ်းကျယ်မှာတော့ ပံ့သကူအဖြစ် ကြဲချတဲ့ ပိုက်ဆံကို လုရင်း သက်ကြီး အမျိုးသားတဦး ချော်လဲပြီး ဦးခေါင်းနောက်စေ့ ခြောက်လက်မလောက်ကွဲကာ သွေးထွက်လွန်နေတာကြောင့် ရန် ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကိုပို့ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေး ထားပါ တယ်။

တန်ဆောင်တိုင်လပြည့် မနေ့ညက လမ်းမတွေပေါ်မှာသာမက လူနေရပ်ကွက်တွေအတွင်း ပိုက်ဆံကြဲသူတွေ လည်းရှိခဲ့ပြီး ပိုက်ဆံလုကောက်ရင်း ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ရန်ကုန်မြို့ခံ တချို့ကပြောပါတယ်။

“ပိုက်ဆံလုရင်း ကလေးတယောက် မြောင်းထဲကျပြီး မြောင်းဘောင်နဲ့ခေါင်းရိုက်မိတာ၊ခုနစ်ချက်လောက်ချုပ် လိုက်ရတယ်”လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။

ပံ့သကူပစ်တဲ့အလေ့အထဟာ တန်ဆောင်တိုင်ပွဲတော်ကာလ ရိုးရာအစဉ်အလာတခုဖြစ်ပေမယ့် ကိုဗစ်ကာလ အ တွင်းကစလို့ လူစည်ကားရာလမ်းမတွေပေါ်မောင်းနှင်လာတဲ့ ကားတွေပေါ်ကနေ ပံ့သကူခေါင်းစဉ်နဲ့ ပိုက်ဆံတွေ ကြဲချတဲ့ အလေ့အထ စတင်ပေါ်ပေါက်လာပြီး ယာဉ်မတောတဆမှုတွေလည်း နှစ်စဉ်ပေါ်ပေါက်နေပါတယ်။

“ဒီနှစ်က(ပိုက်ဆံလုကောက်သူ)ပိုတောင်များတယ်လို့ ခံစားရတယ်ဗျ ၊အပျော်အနေနဲ့ရော ၊တချို့ကျတော့လည်းအဆင်မပြေမှုအရအနေနဲ့ရောပေါ့” လို့ Medical လူငယ်များ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။