နပခ ဌာနချုပ်အနီးက တပ်စခန်းဆယ်ခုကျော်ကို သိမ်းပိုက်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော်

Photo – AA Info Desk

အောက်တိုဘာ၊ ၁၄

ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် AA ဟာ အဲ့ဒီဌာနချုပ်အနီးတဝိုက်က စစ်ကောင်စီစခန်း ဆယ်ခုကျော်ကို သိမ်းပိုက်ထားနိုင်ပြီ လို့ ထုတ်ပြန်အသိပေးပါတယ်။

လက်ရှိအထိ နပခ ထိုးစစ်အတွင်း AA က သိမ်းပိုက်ထားတဲ့စခန်းတွေထဲမှာ စွေ့ချောင်းနဲ့ တောဟိန်းတောင်၊မဲ တောင်တို့ လို အရေးပါတဲ့ ဗျူဟာကုန်းတွေပါဝင်သလို နပခ အနီးတဝိုက်က လက်အောက်ခံတပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၃၇၃၊အမြောက်တပ် အမတ ၃၇၄တို့ပါဝင်ပါတယ်။

အလားတူ နပခ လက်အောက်ခံ တပ်ဖွဲ့တွေဖြစ်တဲ့ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊စစ်လက်နက် ပစ္စည်း တပ်ခွဲ စနခ ၃၄၅၊ အမှတ်(၈)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်(၂) ကုတင် သုံးရာ စစ်ဆေးရုံ၊လေ ကြောင်းရန်ကာကွယ်ရေးတပ်၊စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကိုလည်းသိမ်းပိုက်ထားပြီလို့ AA ကဖော်ပြပါတယ်။

အဲ့ဒီတပ်ရင်း၊တပ်စခန်းတွေကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် နပခ ဌာနချုပ်အပါအဝင် နောက်ထပ် တပ်စခန်း ဆယ်ခုကိုလည်း ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် နပခဌာနချုပ်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်နဲ့ တလနီးပါးအကွာ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်မှာ ပလက်ဝဒေသ အခြေစိုက် စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်ခဲ့တဲ့ AA ရဲ့ ထိုးစစ်တွေဟာ မနေ့က တနှစ်ပြည့်ခဲ့တာဖြစ် ပါတယ်။

အဲ့ဒီတနှစ်အတွင်း ပလက်ဝဒေသတခုလုံးနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ဆယ်ခုကို  AA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားတာပါ။စစ်ဆင်းရေးတွေစတင်တာနဲ့တပြိုင်နက် သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို မဟာဗျူဟာ မြောက် အလစ်အငိုက်ထိုးစစ်ဆင်နိုင်ကာ ရန်သူ့အားနည်းချက်ကိုအပြည့်အဝအသုံးချနိုင်တာကြောင့် အချိန်တို အတွင်းအခုလိုအောင်မြင်မှုရခဲ့တာလို့ AA ကဆိုပါတယ်။

လက်ရှိ AA ထိန်းချုပ်မြို့နယ်တွေထဲမှာ ငပလီကမ်းခြေနဲ့ လေဆိပ်ရှိရာ သံတွဲမြို့လည်းပါဝင်ပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ရမ်းဗြဲ၊ပုဏ္ဏားကျွန်း၊မင်းပြား၊မြောက်ဦး၊မြေပုံ၊ကျောက်တော်၊ပေါက်တော၊ပလက်ဝမြို့နယ်တွေပါဝင်ပါတယ်။

အလားတူ မောင်တောမြို့ကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ထားချုပ်ထားပြီဖြစ်ပေမယ့် မြို့အနီးမှာ ကျန် ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ်(၅)နယ်ခြားစောင့်တပ်ဖွဲ့ နခခ ၅ကိုတော့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် နေရ ဆဲဖြစ်ပါတယ်။

ဒီလို ထိုးစစ်တွေနဲ့တချိန်တည်းမှာပဲ အာရက္ခတပ်တော် အနေနဲ့ အလုံးစုံ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေက ပြည် သူတွေရဲ့ စားဝတ်နေရေး ဖူလုံဖို့နဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အာရက္ခအစိုးရက တပြိုင်တည်း ဆောင် ရွက်နေရတာကြောင့် လိုအပ်ချက်တွေတော့ ရှိနေဆဲပဲလို့လည်း အသိပေးဝန်ခံထားပါတယ်။