အောက်တိုဘာ၊ ၂၉
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် အမ်းမြို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လတ်တလော မြေပြင်သတင်းတွေအရလည်း နပခဝန်းကျင် တပ်စခန်းတချို့ကို AAက သိမ်းပိုက်ထားပြီလို့ သိရပေမယ့် AAကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမယ့်လည်း နပခရဲ့ အဓိကကာကင်းစခန်းကြီးတွေဖြစ်ပြီး အင်အားအခိုင်အမာချထားတဲ့ တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာစခန်းတွေကိုတော့ ပြီးခဲ့တဲ့လတွေအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး တရားဝင်ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။
နပခရဲ့ အရေးပါတဲ့ရှေ့တန်းစခန်းတခုဖြစ်ပြီး အင်အားရာချီနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို AA က ပြီးခဲ့ဇွန်လတတိယပတ်မှာ သိမ်းပိုက်ရရှိခဲ့ပါ။
ဒါ့အပြင်နပခဌာနချုပ်နဲ့ ၁၄ကီလိုမီတာ(ရှစ်မိုင်ကျော်)သာကွာဝေးပြီး အင်အားအခိုင်အမာချထားတဲ့မဲတောင်ဗျူဟာစခန်းတခုလုံးနဲ့အနီး ပတ်ဝန်းကျင်ရှိ စခန်းအားလုံးကိုလည်းပြီးခဲ့တဲ့အောက်တိုဘာလ (၇) ရက်မှာအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ AAကထုတ်ပြန်ထားပါတယ်။
မဲတောင်ဗျူဟာစခန်းမှာစစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၂/၃၆၅/၃၆၉) ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့နဲ့စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တို့ စုပေါင်းတပ်စွဲထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ AAက နပခဌာနချုပ်နဲ့တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်ကောင်စီကတော့ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေရတာဖြစ်ပါတယ်။
နပခအခြေစိုက် အမ်းမြို့မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၃၇၃ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော် ရှိပါတယ်။
“သူတို့(စကစ) ကစဥ့်ကလျားဖြစ်နေပါပြီ၊ တပ်တော်ကအကုန်ပိတ်ထားတာ၊ပြေးစရာလည်းမရှိဘူး”လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
နပခအခြေစိုက်အမ်းမြို့ကို ကုန်းလမ်းအရဆက်သွယ်နိုင်တဲ့ အမ်း-မြေပုံ၊ အမ်း-တပ်တောင်၊ အမ်း- မအီစတဲ့လမ်းပိုင်းတွေအပြင် အမ်းနဲ့ မြို့တော်စစ်တွေကြားရှိ မြို့နယ်အားလုံးကိုလည်း AAကထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်မှာ တည်ရှိတဲ့အမ်းမြို့ဟာ ပြည်မဒေသနဲ့ ကုန်းလမ်းအရဆက်သွယ်နိုင်တဲ့ အဓိကဝင်ပေါက်တခုလည်းဖြစ်ပါတယ်။
အမ်းမြို့နဲ့ရိုးမတဖက်ခြမ်း မကွေးတိုင်းမင်းဘူးမြို့က ၁၀၃မိုင်လောက်သာကွာဝေးတာပါ။
အမ်းမြို့နယ်တခုလုံးကို AAက ဝိုင်းပိတ်ဆို့ထားလို့ လေကြောင်းကလွဲရင် စစ်ကောင်စီဖက်က စစ်ကူပေးဖို့မလွယ်ဖူးလို့သုံးသပ်ထားကြပါတယ်။
“နပခတခုလုံးကတော့ လေကြောင်းကလွဲရင် စစ်ကူလာလို့မရတော့ဘူး၊ ရိုးမပေါ်မှာလည်း ကိုယ့်ဖက်(AA)ကရော၊ မဟာမိတ်တွေရော ရှိတယ်”လို့ အမ်းမြို့နယ်မှ သတင်းရင်းမြစ်တဦးက DNAကို ပြောထားပါတယ်။
AA ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အမ်းမြို့နယ်အတွင်း ထိုးစစ်တွေ စလုပ်ခဲ့ပြီး အမ်း တပ်တောင်ကားလမ်းပေါ်ရှိ တပ်ရင်းတွေနဲ့ အမ်း ပဒါန်းလမ်း ရိုးမပေါ်ရှိ ရှေ့တန်းစစ်ကြောင်းတွေကိုလည်း ထိုးစစ်ဆင်၊ တိုက်ခိုက်ကာ ပြည်မဖက်ကနေ စစ်ကူမလာနိုင်အောင် ဖြတ်တောက်ထားတာပါ။
နပခနကို AAသိမ်းပိုက်နိုင်ရင်တော့ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တခုကို ဒုတိယမြောက် လက်လွတ်ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ပြီးခဲ့တဲ့ သြဂုတ်လမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဖက်က တိုင်းစစ်ဌာနချုပ်တခုကို ပထမဆုံးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။
AAအနေနဲ့ အမ်းမြို့နယ်ကို သိမ်းပိုက်နိုင်ရင်တော့ ပြည်မဒေသ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်မိသွားမှာဖြစ်ပြီး ရိုးမအရှေ့ခြမ်းကို ဦးတည်လာနိုင်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲရဲ့ အရေးပါပုံကိုတော့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးက အခုလိုသုံးသပ်ပြောပါတယ်။
“အမ်းကဘာလို့အရေးပါလဲဆိုတော့ နပခကျရင် သူတို့ရခိုင်မှာအရှက်လုံးဝကွဲပြီ စိတ်ဓါတ်ရေးရာရောအကုန်သွားပြီ တပ်တော်ဖက်ကတော့ အရှေ့ခြမ်း(ပြည်မ)နဲ့ချိတ်ဆက်နိုင်ပြီ နောက်ကျောလုံသွားပြီပြောရတာပေါ့”