အောက်တိုဘာ၊ ၂၄
မီးလောင်ပြင်ဖြစ်သွားတဲ့ ကိုယ့်ရွာကလေးကိုပြန်မြင်ရတဲ့အခါ ဒေါ်အေးမြင့်(အမည်လွှဲ) ခေါင်းထဲ အရင်ဆုံးဝင် လာတဲ့အတွေးက “ငါ့အိမ်လည်းပါသွားရင်ကောင်းသား”ဆိုတာပါပဲ။
အာဏာသိမ်းစစ်တပ်လက်ချက်နဲ့တရွာလုံးကနေအိမ်တွေ ပြာကျကုန်တဲ့အထဲ သူ့အိမ်ကလေးက ကွက်ပြီး ကျန်နေခဲ့တာ။
“အကုန်လုံးဒီလိုဖြစ်ပြီးတော့ ကိုယ့်အိမ်ကျန်ခဲ့တော့ စိတ်မကောင်းရပါဘူးအေ” လို့ အသက်လေးဆယ်အရွယ် ဒေါ်အေးမြင့်က သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။
ဒေါ်အေးမြင့်တို့ရွာဆိုတာ အခုတနိုင်ငံလုံးလိုလို အွန်လိုင်းပေါ်က ဓာတ်ပုံတွေကြည့်ပြီး စုတ်တသပ်သပ်ဖြစ်နေကြရတဲ့ စီပါရွာပေါ့။
မကြည့်ရက်စရာ မြင်ကွင်းတွေကြောင့်အမျိုးသမီးတွေပြန်မလာခဲ့ကြနဲ့ဦးဆိုလို့ ရွာကိုမပြန်ရပေမယ့် ကြာကြာမနေနိုင်ပါဘူး။ ကိုယ့်ရွာအခြေအနေကိုမျက်မြင်တွေ့ရချင်လို့ ဘယ်သူခေါ်ခေါ်၊ မခေါ်ခေါ် ပြန်တယ်ဆိုပြီး တိတ်တိတ်ကလေးပြန်ချလာတာ။
မြင်ရတွေ့ရတာတွေကတော့ တသက်မမေ့နိုင်စရာတွေပဲပေါ့။ မီးလောင်ပြင်ဖြစ်သွားတဲ့ ရွာထဲ အိမ်ခြံစည်းရိုးတွေ ရှေ့ချိတ်ထားတဲ့ ခေါင်းတခြား၊ ခြေတလက်တခြား လူ့အင်္ဂါအစိတ်အပိုင်းတွေ။
မြေပေါ်မှာ ပြန့်ကျဲစွန့်ပစ်ထားတဲ့ လူ့ကိုယ်တွင်း အင်္ဂါတွေ၊ အသားစိုင်တွေ ဘယ်ရောက်သွားတယ်မသိရတဲ့ သွေစိမ်းရှင်ရှင်၊ ပုပ်နံ့၊သွေးညှီနံ့တွေနဲ့ လူ့အရိုးငေါငေါကြီးတွေ……။
“အန်တီတို့ရွာက ခြောက်ယောက်၊ ခေါင်းဖြတ်၊ လက်တွေခြေထောက်တွေခုတ်၊ မရိုသေ့စကားပြောလိုက်ပါအုံးမယ်၊ ငယ်ပါကိုတောင်ဖြတ်ပြီး (ခေါင်းပြတ်)ပါးစပ်ထဲ ဟ စွပ်ထည့်ခဲ့တာ”
ကိုယ်လက်အင်္ဂါတွေတစစီဖြစ်၊ပုပ်ပွနေတဲ့ အလောင်းခြောက်လောင်းနဲ့ တရွာလုံးနီးပါး ပြာကျနေတဲ့ မြင်ကွင်းတွေ။အိမ်ခြေငါးရာကျော်နဲ့ စည်ကားခဲ့ဖူးတဲ့ စီပါရွာဆိုတာ ဘယ်ယုံချင်စရာ ရှိနိုင်ပါတော့မလဲ။
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံးလိုလို ဒေသအနှံ့မှာ “ဘယ်လိုစိတ်နဲ့များ ဒီလောက်အထိ လုပ်နိုင် ကြသလဲ”လို့ ကြားရသူတိုင်း ပြောထွက်လာစေတဲ့ အဖြစ်တွေ များမှများ။
ဒေါ်အေးမြင့်တို့ စီပါရွာရှိရာ ဘုတလင်မြို့နယ်ရှိရာ စစ်ကိုင်းတိုင်းထဲမှာတင် ဒီလိုအဖြစ်တွေအကြောင်း ပြောပြစရာတွေမှပြည့်လို့။
လူ ၁၇ဦးသတ်ဖြတ်ခံရတဲ့အပြင် အမျိုးသမီးတွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်ခံရတာတင်မက မိန်းမကိုယ်ထဲ ပေါက်ကရတွေ ထိုးထည့်ခဲ့တာတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းနယ်က တာတိုင်ရွာအဖြစ်ဟာ တနှစ်ခွဲလောက်ပဲ ကြာသေးတာမို့လား။
တာတိုင်ရွာအဖြစ်ဆိုးကလည်း ဒေါ်အေးမြင့်တို့ စီပါရွာအဖြစ်နဲ့ ခပ်ဆင်ဆင်ရယ်။ အဖမ်းခံရသူတွေဟာ သတ်ဖြတ်ခံရရုံတင်မက ခေါင်းတခြား၊ ကိုယ်တခြားပြန်ကောက်ခဲ့ကြရတာ။
ပြီးတော့ တာတိုင်ရွာမှာ အဲ့ဒီလို ကျူးလွန်ခဲ့ကြတဲ့ စစ်ကောင်စီ စစ်သားတွေကပဲ ရက်ပိုင်းပဲခြားပြီး မြင်းမူနယ်ထဲက လက္ကပင်ရွာမှာ ပုံစံတူ သတ်ဖြတ်မှုတွေ ထပ်လုပ်ခဲ့ကြပြန်သေးတာ။ အဲ့ဒီတုန်းကတော့ စစ်ကိုင်းတခွင်မှာ ဘီလူးစစ်ကြောင်း ဆိုပြီး နာမည်ကျော်ခဲ့ပါရဲ့။
အခုရော ဘယ်လိုနာမည်တွေတပ်ကြဦးမယ်မသိ။ ဘီလူးစစ်ကြောင်းဖြစ်ဖြစ်၊ သရဲစစ်ကြောင်းဖြစ်ဖြစ် လူဆန်ဆန် တွေးခေါ်၊ ပြုမူလုပ်ကိုင်ကြမှာမဟုတ်တာတော့ သေချာနေတာပါပဲ။
ဒီလိုအဖြစ်တွေ ဘယ်လောက်များတယ်ဆိုဆို၊ ဘယ်လောက်ကြားနေခဲ့ရတယ်ပြောပြော နဖူးတွေ့၊ ဒူးတွေ့ မျက်မြင် ဒိဌ ကိုယ့်ရွာမှာကိုယ်တွေ့ကြုံရတဲ့အခါမှာတော့ သွေးပျက်ကြရတာပါပဲ။
“ရွာကမနေရဲလောက်အောင်ဖြစ်သွားတာ အကုန်လုံးမီးလောင်ကွင်းကြီးလိုဖြစ်သွားတာ” လို့ ဒေါ်အေးမြင့်က သူ့ ရွာအခြေအနေကိုပြောပြတယ်။
စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားလို့ ပြာပုံအတိဖြစ်ကျန်နေခဲ့တဲ့ ရွာဆီ ခဏတဖြုတ် ပြန်ရောက်လာကြ သူတွေခမျာ ငိုသူငို၊ သတိလစ်သူလစ်နဲ့ ဗြောင်းဆန်ကုန်သလို သူတို့ဘဝတွေလည်း ကပြောင်းကပြန်တွေဖြစ်လို့။
ဒီလိုတွေဖြစ်ပြီးတော့လည်း သူတို့ဘဝတွေ အေးငြိမ်းမသွားသေးဘူး။ စစ်တပ်က ဘုတလင်နယ်တခွင် ပြဲပြဲစင်အောင်နယ်လှည့်စစ်ကြောင်းထိုး၊ သတ်ဖြတ်၊ မီးရှို့နေတော့ အကုန်ပြေးနေကြရတော့တယ်။
NUG က အောက်တိုဘာ ၂၂ ရက်စွဲနဲ ထုတ်တဲ့စာအရဆိုရင်ကို ဘုတလင်တနယ်လုံးမှာ ဆယ်ရက်လောက်အတွင်း ဒေသခံ ၂၄ဦးထက်မနည်း သတ်ဖြတ်ခံထားကြရပါပြီ။
သူတို့ဘက်က စစ်ကြောင်းတကြောင်းလုံးပြုတ်တဲ့ စက်တင် ဘာလကုန်တိုက်ပွဲအပြီး အောက်တိုဘာ ၁၁ရက်က စလို့ စစ်ကောင်စီက ဘုတလင်နယ်ထဲ နယ်လှည့်မီးရှို့ သတ်ဖြတ်မှုတွေကျူးလွန်နေတာပါ။
စုစုပေါင်းကျေးရွာနဲ့ ရပ်ကွက် ၁၇ခုစီးနင်းခံရပြီး သတ်ဖြတ်ခံရသူတွေထဲ ကလေးသုံးဦး၊ အမျိုးသမီးတဦးနဲ့ သက်ကြီးရွယ်အိုတဦးပါဝင်တယ်လို့ NUG ရဲ့အချက်အလက်တွေကဖော်ပြပါတယ်။
လူသားဒိုင်းလုပ်ဖို့ စစ်ကြောင်းသွားရာတလျှောက်ဖမ်းခေါ်ခံရသူတွေလည်းရှိသေးတယ်။ NUG ကတော့ ခြောက်ဆယ်ထက်မနည်းဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
ဒေါ်အေးမြင့်တို့ရွာမှာ သတ်ဖြတ်ခံရသူတွေထဲ အဲ့ဒီလို ဖမ်းခေါ်လာပြီးမှသတ်ဖြတ်ထားခဲ့သူနှစ်ဦးပါတယ်။ ဘယ်သူတွေမှန်းလည်းမသိနိုင်တော့တာကြောင့် ဓားတွေနဲ့မွှန်း၊ ခေါင်းဖြတ်၊ ရင်ခွဲ ကလီစာတွေဆွဲထုတ်ခံထားရတဲ့ အဲ့ဒီနှစ်ယောက်ဟာ ဓားစားခံတွေဖြစ်နိုင်တယ်လို့ စီပါရွာခံတွေကယူဆကြပါတယ်။
စစ်တပ်စစ်ကြောင်းရွာနဲ့နီးနေပြီ ပြေးကြတော့ဆိုတဲ့အချိန် တရွာလုံး ရုတ်ရုတ်သဲသဲတွေကြား ရွာခံတွေရှိတဲ့ဆီလည်း ရောက်မလာ၊ ဘယ်ရောက်နေတယ်ဆိုတဲ့သတင်းလည်းခုချိန်အထိ မကြားရသေးတဲ့သားအမိ နှစ် ယောက်ကတော့ စစ်ကြောင်းနဲ့အတူဖမ်းခေါ်ခံလိုက်ရတယ်လို့ ဒေါ်အေးမြင့်တို့ယူဆကြပါတယ်။
“ပြေးပြေးဆိုတော့ပြေးကြရင်း ဟိုလည်းမရောက်လာ ဒီလည်းမရောက်လာဖြစ်သွားတာ။ ခုချိန်ထိ အစအနကို မကြားရသေးပါဘူးအေ”လို့ ဒေါ်အေးမြင့်ကပြောပြပါတယ်။
အဲ့ဒီသားအမိနှစ်ဦးထဲက သမီးဖြစ်သူဟာ ၁၁နှစ်အရွယ် မိန်းကလေးလို့ သိရပါတယ်။
အခုလို သူတို့ရွာအဖြစ်ဆိုးနဲ့ကြုံခဲ့ရတာဟာ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲရှုံးခဲ့တဲ့ အငြှိုးကြောင့်လို့ ဒေါ်အေးမြင့် တို့ စီပါရွာခံတွေအပါအဝင် ဘုတလင် ဒေသခံတွေယူဆကြပါတယ်။
စီပါရွာက ဘုတလင်မြို့မြောက်ဘက် လေးမိုင်လောက်အကွာ မုံရွာ-ရေဦး လမ်းမ အနောက်ဘက်မှာရှိတာ။ စီပါရွာ ရဲ့အနောက်မြောက်ဘက် ခြောက်မိုင်ဝန်းကျင်အကွာလောက်မှာက ရဲကင်းစခန်းလည်းရှိတဲ့ ကူတော်ရွာရှိတယ်။
ပြီးခဲ့တဲ့လအတွင်း အဲ့ဒီကူတော်ရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အခါမုံရွာ နမခ ကနေ စစ်တပ်စစ်ကူတွေလာကြတယ်။
ကူတော်တိုက်ပွဲအပြီး နမခက လာတဲ့ စစ်ကူစစ်ကြောင်းပြန်ထွက်လာချိန် စက်တင်ဘာ ၃၀ရက်မှာ တော်လှန်ရေး တပ်တွေက စီပါနဲ့ ကျွဲသေချောင်းရွာတွေအနီးမှာစောင့်ကြိုတိုက်ခိုက်လို့ စစ်ကြောင်းတခုလုံးပြုတ်ပြီး သေသူသေ၊ သုံ့ပန်းဖြစ်သူဖြစ်နဲ့ အဆုံးသတ်ခဲ့တာ။
အဲ့ဒီတုန်းက သုံ့ပန်းဖြစ်သွားသူတွေထဲပါတဲ့ စစ်ကောင်စီ ခမရ ၃၀၉က ဗိုလ်ကြီးအောင်သူဇင်ကတောင် ဘုတလင်နဲ့ အရာတော်မှာ မီးရှို့သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီ ဝန်ခံထားပါသေးတယ်။
လက်နက်မျိုးစုံ ၅၆လက်နဲ့ ခဲယမ်းတွေရပြီး စစ်ကောင်စီဘက်က ၃၃ဦးသေ၊ ၄၃ဦး ကိုဖမ်းမိခဲ့တဲ့ အဲ့ဒီတိုက်ပွဲရလဒ်ကြောင့်ပဲ စစ်တပ်က ဘုတလင်နယ်ထဲမှာ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်မှုတွေ အငြှိုးတကြီးပြုမူနေတာလို့ ဒေသခံတွေက ယူဆကြပါတယ်။
“စစ်ကြောင်းတကြောင်းလုံးပျောက်သွားတော့ အဲ့ဒါမကျေနပ်လို့ ထင်တာပလေ။ မဆိုင်လည်း သူတို့က ပြည်သူတွေလုပ်တာပဲ၊ တခြားရွာလည်း ဒီလိုလုပ်တာပဲလေ။ တခြားမြို့နယ်လည်း ဒီလိုလုပ်တာပဲ”လို့ ဒေါ်အေးမြင့်က ပြောပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း DNA ကိုအလားတူပြောပါတယ်။
“သူတို့စစ်ကြောင်းတကြောင်းလုံးချေမှုန်းခံလိုက်ရတော့ အနီးအနားဝန်းကျင်မှာရှိတဲ့ ဒီရွာကပြည်သူတွေ သတင်းပေးလို့ ဆိုပြီး ပြည်သူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တာထင်တာပဲ”လို့ ဘုတလင် ပအဖ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအချိန်အထိ ဘုတလင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က သတ်ဖြတ်ထားသူတွေဟာ ဒေသခံပြည်သူတွေသာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးမှ မပါဘူးလို့လည်း သူကပြောပါတယ်။
“သူတို့ချေမှုန်းခံလိုက်ရပြီးကတည်းက ဘာတိုက်ပွဲမှမရှိပဲ ဝင်လာပြီး ပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ဖမ်း၊ မိန်း ကလေးတွေခေါ် ကျွန်တော်တို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကတော့ကြားရတာစိတ်မချမ်းသာစရာ၊ ဒါတွေ က အတည်မပြုနိုင်သေးလို့ ထုတ်မပြောတာ၊ ဖမ်းခံလိုက်ရတဲ့မိန်းကလေးတွေအတွက်လည်း စိတ်မကောင်းစရာ တွေကကြားနေရတယ်”လို့ ဘုတလင် ပအဖ တာဝန်ရှိသူကဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အဲ့ဒီစစ်ကြောင်းကို တုံ့ပြန်တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ဆင်ထားပေမယ့် အရပ်သားပြည်သူတွေကို ဓားစားခံအဖြစ် စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်လာတဲ့ အခြေအနေတွေကြောင့် တိုက်ခိုက်ရေး အတွက် အခက်အခဲဖြစ်နေတယ်လို့လည်း ဒေသခံ တော်လှန်ရေးတပ်တွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ စီပါရွာသတ်ဖြတ်၊ မီးရှို့မှုတွေလုပ်ပြီးနောက် အဲ့ဒီရွာရဲ့တောင်ဘက် နှစ်မိုင်ကျော်အကွာက စိုင်ပြင်ရွာထဲ တပ်စွဲစခန်းချနေကြတာကြောင့် အနီးတဝိုက် ကျေးရွာတွေက ဒေသခံထောင်၊ သောင်းချီ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
“တချို့ဆိုပြေးဆိုလို့ပြေးကြတာ အဝတ်တထည်ပဲပါကြတာ”လို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေရဲ့ အခြေအနေ ကို ဒေါ်အေးမြင့်က ပြောပြပါတယ်။
ဒီလို ထွက်ပြေးတိမ်းရှောင်နေကြရသူတွေကို ကူညီပေးနေတဲ့ မြေပြင်အဖွဲ့အစည်းတွေကတော့ ဘုတလင်နယ်ထဲ လတ်တလောတိမ်းရှောင်နေရသူ သောင်းချီအထိရှိနေပြီး နေရေး၊ စားရေးအကူအညီတွေလိုအပ်နေကြတယ်လို့ ပြောပါတယ်။
“ဒီလိုဖြစ်တော့ဝမ်းနည်းပက်လက်ပါအေ၊ ကိုယ်လည်းကိုယ့်ရပ်ရွာ ဘာမှမလုပ်ပေးနိုင်တော့ အကူအညီပေးနိုင်ကြဖို့ တောင်းဆိုချင်တာ”လို့ စီပါရွာခံ ဒေါ်အေးမြင့်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီကို သုံ့ပန်းအဖြစ် ဖမ်းမိထားတဲ့ ဘုတလင်နယ်မှာ စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေလက်ထဲက သူတို့ရဲ့ ရဲဘော်ရဲဘက် မိတ်ဆွေတွေကိုမေ့ထားပြီး လက်စားချေတုံ့ပြန်တဲ့ စီးနင်းသတ်ဖြတ်မှုတွေ ကျုးလွန်နေကြတာပါ။
စစ်ကောင်စီတပ်တွေက အခုလို ရက်ရက်စက်စက် တိုက်ခိုက်၊ သတ်ဖြတ်၊ စီးနင်းမှုတွေကျူးလွန်လာတဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ သုံ့ပန်းတွေကိုလည်း အလားတူ လက်တုံ့ပြန်ကြဖို့ တိုက်တွန်းဆော်ဩတဲ့သွေးဆူကြသူတွေရှိပါတယ်။
ဒါပေမယ့် ဘုတလင် ပအဖ တာဝန်ရှိသူကတော့ စစ်အုပ်စုလိုပဲ လက်တုံ့ပြန်လိုစိတ်တွေ ပေါ်ပေါက်လာသလားဆိုတဲ့မေးခွန်းကို အခုလို တုံ့ပြန်ဖြေကြားပါတယ်။
“ကျွန်တော်တို့က သုံ့ပန်းတွေသတ်ရအောင် ဘယ်… သူတို့(စစ်တပ်)လိုမှ မဟုတ်တာ ကျွန်တော်တို့က မတရားတာကြီးကို မကြိုက်လို့တော်လှန်နေတာ ဘယ်မတရားမှုကို ဘယ်လုပ်မလဲ”