တိုင်းစစ်ဌာနချုပ်တခု ထပ်လက်လွတ်ရဖို့ နီးစပ်နေတဲ့ စစ်ကောင်စီ

Photo – AA Info Desk

အောက်တိုဘာ၊ ၉

အမ်းမြို့နယ်က လက်ကျန်စခန်းတခုဖြစ်တဲ့ မဲတောင်ဗျူဟာကို အာရက္ခတပ်တော်(AA)သိမ်းပိုက်လိုက်တာက စစ်ကောင်စီကို တုန်လှုပ်သွားစေမှာ ငြင်းမရပါဘူး။

ဘာကြောင့်ဆိုရင် မဲတောင်ဗျူဟာစခန်းဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ အဓိကကာကင်းစခန်းတခုဖြစ်လို့ပါ။

မဲတောင်ဗျူဟာစခန်းဟာနပခဌာနချုပ်နဲ့ ၁၄ကီလိုမီတာ(ရှစ်မိုင်ကျော်)သာကွာဝေးတာဖြစ်ပါတယ်။

 မဲတောင်ဗျူဟာစခန်းမှာ  စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၂/၃၆၅/၃၆၉) ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့နဲ့စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တို့ စုပေါင်းတပ်စွဲထားတာလည်းဖြစ်ပါတယ်။

နပခရဲ့ အဲဒီရှေ့တန်းဗျူဟာကုန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလ၂၆ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး တလမပြည့်မီမှာပဲ သိမ်းပိုက်နိုင်ခဲ့တာပါ။

မဲတောင်ဗျူဟာစခန်းတခုလုံးနဲ့အနီး ပတ်ဝန်းကျင်ရှိ စခန်းအားလုံးကို အောက်တိုဘာလ (၇) ရက်၊ ညနေမှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ AAကထုတ်ပြန်ခဲ့ပါတယ်။

မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်းဓါတ်ပုံနဲ့တကွဖော်ပြခဲ့တာဖြစ်ပါတယ်။

နပခရဲ့ အရေးပါတဲ့ရှေ့တန်းစခန်းတခုဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကုန်းကိုလည်း AAက သိမ်းပိုက်ထားပြီးတာဖြစ်ပါတယ်။

အင်အားရာချီနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို AA က ပြီးခဲ့ဇွန်လတတိယပတ်မှာ သိမ်းပိုက်ရရှိခဲ့ပါ။

အခုအခါမှာတော့ နပခရဲ့အဓိကကာကင်းစခန်းကြီးဖြစ်တဲ့မဲဟိန်းတောင်ဗျူဟာကိုပါ သိမ်းပိုက်လိုက်တာကြောင့် နပခနဲ့အမ်းမြို့ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ဖို့ အရေးသာသွားပြီလို့ ဒေသတွင်းစစ်ရေးအကဲခတ်တွေကသုံးသပ်ကြပါတယ်။

နပခနကို AAသိမ်းပိုက်နိုင်ရင်တော့ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တခုကို ဒုတိယမြောက် လက်လွတ်ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ပြီးခဲ့တဲ့ သြဂုတ်လမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဖက်က တိုင်းစစ်ဌာနချုပ်တခုကို ပထမဆုံးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမဲဟိန်းတောင်ဗျူဟာလက်လွတ်ရပြီးနောက်မှာတော့ အဲဒီစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေက နပခအပါအဝင် အမ်းမြို့အခြေစိုက်တပ်ရင်းတွေကို ဆုတ်ခွာစုပေါင်းပြီး ခံစစ်ပြင်နေကြတယ်လို့လည်း သတင်းရင်းမြစ်တွေကပြောပါတယ်။

AAရဲ့ထိုးစစ်က နပခကိုနီးကပ်လာနေလို့အမ်းမြို့နယ်က စစ်ကောင်စီမိသားစုဝင်တွေကိုလည်း မကွေးတိုင်းဖက်ကို ကုန်းလမ်းကနေ ပို့ဆောင်နေတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။

တိုင်းစစ်ဌာနချုပ်(နပခ)အထိုင်ချထားတဲ့ အမ်းမြို့မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၃၇၃ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော် ရှိပါတယ်။

ဒါပေမယ့်လည်း အမ်းမြို့နယ်တခုလုံးကို AAက ဝိုင်းပိတ်ဆို့ထားလို့ လေကြောင်းကလွဲရင် စစ်ကောင်စီဖက်က စစ်ကူပေးဖို့မလွယ်ဖူးလို့သုံးသပ်ထားကြတာပါ။

“နပခတခုလုံးကတော့ လေကြောင်းကလွဲရင် စစ်ကူလာလို့မရတော့ဘူး၊ ရိုးမပေါ်မှာလည်း ကိုယ့်ဖက်(AA)ကရော၊ မဟာမိတ်တွေရော ရှိတယ်”လို့ အမ်းမြို့နယ်မှ သတင်းရင်းမြစ်တဦးကDNAကို ပြောထားပါတယ်။

AA ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အမ်းမြို့နယ်အတွင်း ထိုးစစ်တွေ စလုပ်ခဲ့ပြီး အမ်း – တပ်တောင်ကားလမ်းပေါ်ရှိ တပ်ရင်းတွေနဲ့ အမ်း – ပဒါန်းလမ်း ရိုးမပေါ်ရှိ ရှေ့တန်းစစ်ကြောင်းတွေကိုလည်း ထိုးစစ်ဆင်၊ တိုက်ခိုက်ကာ ပြည်မဖက်ကနေ စစ်ကူမလာနိုင်အောင် ဖြတ်တောက်ထားတာပါ။

AAအနေနဲ့ အမ်းမြို့နယ်ကို သိမ်းပိုက်နိုင်ရင်တော့ ပြည်မဒေသ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်မိသွားမှာဖြစ်ပြီး ရိုးမအရှေ့ခြမ်းကို ဦးတည်လာနိုင်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။ အမ်းမြို့နဲ့ရိုးမတဖက်ခြမ်း မကွေးတိုင်းမင်းဘူးမြို့က ၁၀၃မိုင်လောက်သာကွာဝေးတာဖြစ်ပါတယ်။

ဒါကြောင့်မလို့ နပခသိမ်းပိုက်နိုင်ဖို့ ထိုးစစ်မှာ AAအနေနဲ့အရေးသာနေပေမယ့် တိုင်းစစ်ဌာနချုပ်တခုအပါအဝင် အချက်အခြာဒေသတခုကို စစ်ကောင်စီဖက်က အလွယ်တကူ အညံ့မခံနိုင်လို့ တိုက်ပွဲတွေပိုပြင်းထန်လာမယ်လို့ စစ်ရေးစောင့်ကြည့်သူ သတင်းရင်းမြစ်တဦးကခန့်မှန်းပါတယ်။

“ပြည်သူတွေကကြိုသတိပြုရပါမယ်။ စကစဖက်က ရှုံးမဲမဲတက်တာက အရင်အများကြီးရှိနေပါတယ်”လို့သူကမှတ်ချက်ပြုပါတယ်။