ဆရာဇော် မန်းမြို့တော်ကိုနှုတ်ဆက်ချိန်

Photo – Social Media

အောက်တိုဘာ၊ ၈

ဆရာဇော်ကပဲ မန်းမြို့တော်ကို နှုတ်ဆက်လေသလား၊မန်းမြို့တော်ကပဲ ဆရာဇော်ကိုနှုတ်ဆက်လေသလားဆို တာမကွဲပြားပေမယ့် နှစ်ဦး၊နှစ်ဖက် အပြီးတိုင်ခွဲခွာကြရပြီဆိုတာတော့ မုချသေချာတဲ့ ကိစ္စပဲဖြစ်တယ်။

ကုန်းဘောင်ခေတ် မင်းနေပြည်တော်ဟောင်း အမရပူရက ဆရာဇော်ဟာ ဒီကနေ့မှာ လာရာလမ်းဆီ အပြန်ခရီး ထွက်ခွာသွားခဲ့ပြီ။

ဒေသခံတွေနဲ့ နာရေးလာသူတွေရိုက်ကူးဖော်ပြကြတဲ့ လူမှုကွန်ရက်ရုပ်သံတွေထဲ ငိုကြွေးနေသံတွေ၊ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရှိနေတဲ့ကြားက အော်ဟစ်နှုတ်ဆက်လိုက်သံတွေ၊ဂါရဝပြု ကန်တော့ နေကြပုံတွေကိုလည်းတွေ့ရတယ်။

အညာနေပူပူထဲ လမ်းဘေးဝဲယာက စောင့်ကြိုနှုတ်ဆက်ကြသူတွေထဲ တုန်ရင်နေတဲ့ လက်ကို တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ရင်း အလေးပြုနေသူတချို့လည်းပါရဲ့။

“ဆရာကြီး ကောင်းရာမွန်ရာ ရောက်ပါစေဆရာကြီးရေ……” လို့ အသံကျယ်ကျယ်အော်ဟစ် မေတ္တာပို့ဆုတောင်း ပေးကြသံတွေလည်းမနည်း။

ရုပ်သံဖိုင်တွေထဲက ငိုကြွေးသံတွေဟာ မိသားစုဝင် တဦးဦးကို လက်လွှတ်လိုက်ရသလိုမျိုး အူလှိုက်၊သည်းလှိုက်၊ ဝမ်းနည်းပက်လက်။

နိုင်ငံရေးသမား၊အနုပညာရှင် လူသိရှင်များထင်ရှားကျော်ကြားသူတွေရဲ့ ဈာပနဆိုတာ စည်ကားမြဲ၊လူစိတ်ဝင်စားမြဲ ဆိုတဲ့တိုင်အောင် ဆရာဇော်ကို သူ့ဇာတိမြေကနောက်ဆုံးအနေနဲ့နှုတ်ဆက်ဂါရဝပြုပုံကတော့ စာတင်လောက် တယ်လို့ ရှေ့မီနောက်မီ မန်းဒေသခံတချို့က ဆိုကြပါတယ်။

နာရေးယာဉ်တန်းရဲ့ အစဆုံးယာဉ်က တံခွန်တိုင်အဝိုင်းရောက်နေချိန် နောက်ဆုံးယာဉ်ကတော့ ကျွဲဆည်ကန်နေ အိမ်ရှေ့မှာပဲရှိသေးတယ်လို့ မျက်မြင်တွေ့ရသူတွေက မှတ်တမ်းပြုကြတယ်။

 အဲ့ဒီနေရာနှစ်ခုက အဖြောင့်တိုင်းရင် ပိုနီးပေမယ့် မြေပြင်ကားလမ်းမတွေအတိုင်းဆိုရင်တော့ တမိုင်ကျော်အထိ အကွာအဝေးရှိနေတာပါ။ရန်ကုန်မှာဆိုရင် လှည်းတန်းကနေ မြေနီးကုန်းကျော်ကျော်အထိ ကားတွေတဆက် တည်းပိတ်မိနေသလို အခင်းအကျင်းမျိုး။

“ရွှေမန်းတင်မောင်နာရေးပြီးရင် ဒေါက်တာဇော်မြင့်မောင်နာရေးကအစည်ကားဆုံး”လို့ ဆိုသူကဆိုသလို ဒီနာရေး နှစ်ခု စည်ကားပုံချင်းတန်းတူလောက်ရှိနိုင်ရဲ့လို့ မှတ်ချက်ပြုသူလည်းပြုကြပါတယ်။

ကွဲပြားတာကတော့ နောက်ခံ အကြောင်းတရားတွေနဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်ဂါရဝတွေထဲ ရောပြွမ်းပါဝင်နေတဲ့ အဓိပ္ပါယ်တွေသာဖြစ်ပါလိမ့်မယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ နှစ်လေးဆယ် နီးပါးကြာဖြတ်သန်းမှုနဲ့ ဝါရင့်နိုင်ငံရေးသမား ဆိုရုံမျှနဲ့တော့ လူထုက အခုလို ပြောစမှတ်ပြုရလောက်အောင် ဂါရဝတရားဘယ်ထားကြလိမ့်မလဲ။

သူ့ရဲ့ဂုဏ်ပုဒ်တွေထဲက တခုကို ဥရောပသမဂ္ဂ(EU)ရဲ့ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်ထဲမှာတွေ့နိုင်တယ်။

“မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူးအလေးအနက်ထားခုခံ ကာကွယ်ခဲ့သူ”တဲ့။

ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် ယုံယုံကြည်ကြည်နဲ့ သစ္စာခံခဲ့တဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကတော့ “တန်ဖိုးထားရတဲ့ ရဲဘော်ရဲဘက်”လို့ လွန်ခဲ့တဲ့ လေးနှစ်လောက်က ကာယကံရှင်ရှေ့မှာပဲ ထုတ် ပြောခဲ့တယ်။

အသက် ၇၃နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်။သက်တမ်းတဝက်ကျော်ဖြစ်တဲ့ ၃၈နှစ်ဟာ သူ့ရဲ့နိုင်ငံရေးသက် တမ်း။အဲ့ဒီအထဲက ၂၂နှစ်လောက်က ထောင်သက်။

ရွေးကောက်ပွဲလေးကြိမ်ပြိုင်ပြီး လေးထပ်ကွမ်းအနိုင်ရအမတ်ဘွဲ့ခံနိုင်ခဲ့သူကို စစ်အုပ်စုခေါင်းဆောင်အဆက်ဆက် က လွှတ်တော်အမတ်သက်တမ်းထက် ထောင်သက်သာ ပိုရှည်စေခဲ့တယ်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ ခံနိုင်ရည်ရှိရမယ်” လို့ သူ့အယူအဆကိုထုတ်ပြောခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးလောကဓံတွေကို နောက်ဆုံးထွက်သက်အထိ ခံနိုင်ရည်ရှိပြနိုင်ခဲ့သူလည်းဖြစ်တယ်။

သာမာန် NLD ပါတီဝင်အဖြစ် ပါတီနိုင်ငံရေးခရီးကိုစတင်ခဲ့ပြီး ပါတီ ဒုတိယဥက္ကဌ၊မွေးရပ်ဇာတိ မန္တလေးတိုင်းအ တွက် ဝန်ကြီးချုပ်အဖြစ်လည်းဆောင်ရွက်ခဲ့ပြီး သူ့လက်ထက် မန္တလေးဟာ Smart City ရယ်လို့ ပြောစမှတ်ဖြစ် ရအောင် သူငယ်ချင်းဖြစ်သူနဲ့အတူ ဦးဆောင်ပြခဲ့သူ။

“ယုံကြည်ချက်ကိုသစ္စာမဖောက်ခဲ့သူ”

သွေးကင်ဆာကို အပြင်းထန်ဆုံးရင်ဆိုင်နေချိန် စစ်အုပ်စု အကျဉ်းထောင်တွင်း မလုံလောက်တဲ့ဆေးဝါး ကုသ၊ စောင့်ရှောက်မှုတွေကြောင့် သေဆုံးခဲ့ရသူအဖြစ် မှတ်တမ်းပြုခံရသူ။

“လူ့အခွင့်အရေးအရဆေးကုသခွင့်တွေဆုံးရှုံးခဲ့ရတဲ့အတွက် ဆရာဖမ်းဆီးခံရတဲ့နေ့ဟာ ဆရာ့အတွက် သေမိန့်ကျ တဲ့နေ့ပဲလို့ ကျွန်တော်တို့ဝမ်းနည်းစွာမှတ်ယူခဲ့ပါတယ်”လို့ NLD ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်က ပါတီကိုယ်စားအမိန့်ပြန်တမ်းဖတ်ချိန်မှာ ထည့်ပြောပါတယ်။

အဲ့ဒီအထဲက ဘယ်အချက်တွေကြောင့် မန်းဒေသခံတွေသူ့ကိုအခုလို နှုတ်ဆက် ဂါရဝပြုကြတယ်ဆိုတာ တဦးချင်း အနေနဲ့ ကွဲပြားမှုတွေရှိနိုင်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းပန်လို့ အဖမ်းခံရတဲ့ခေတ်ကျပ်ကာလထဲ မှတ်တမ်းပြုရ လောက်အောင် ဂါရဝပြုသူတွေနဲ့စည်ကားခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင် ဈာပနာဟာ လူထုရင်ထဲက ဆန္ဒအမှန်ကိုထင် ဟပ်ပြသလာတဲ့ ဈာပနလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။