ထိုင်ဝမ်ရေလက်ကြားကို ဂျပန် စစ်သင်္ဘောတစီး ပထမဆုံးအကြိမ် ဖြတ်သန်း

စက်တင်ဘာ ၊ ၂၇ 

တရုတ်အတွက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အခြေအနေ တခုအဖြစ် ဂျပန်ရေတပ် သင်္ဘော တစီးဟာ ထိုင်ဝမ်ရေလက်ကြားမှာ ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ကြေညာထားပေမယ့်လည်း နိုင်ငံတကာ ရေကြောင်းသွားလာရေး လွတ်လပ်ခွင့်ကို ကာကွယ်ရပ်တည်တဲ့ အနေနဲ့ အမေရိကန် အပါအဝင် မဟာမိတ် နိုင်ငံတွေရဲ့ စစ်သင်္ဘောတွေဟာ ထိုင်ဝမ် ရေလက်ကြားကို မကြာခဏ ဖြတ်သန်း ခုတ်မောင်းပြခဲ့ကြဖူးပါတယ်။

ဒါပေမဲ့လည်း ဂျပန်ရဲ့ စစ်သင်္ဘောတွေကတော့ ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ပြည်မကြီးကြားက ကီလိုမီတာ ၁၈၀ ရှည်လျားတဲ့ ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတာမျိုး အရင်က မလုပ်ခဲ့ဖူးပါဘူး။

စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ ဂျပန်ရဲ့ ဆာဇာနာမီ ဖျက်သင်္ဘောဟာ ထိုင်ဝမ် ရေလက်ကြားကို နယူးဇီလန်၊ ဩစတြေးလျ စစ်သင်္ဘောတွေနဲ့အတူ ဖြတ်သန်း ခုတ်မောင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်ကို ဂျပန်က အတည်ပြုခဲ့သလို တရုတ်ကလည်း နိုင်ငံသုံးခုရဲ့ စစ်သင်္ဘောတွေ ရွေ့လျားမှု၊ ဦးတည်မှုကို စောင့်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 ဂျပန်ရဲ့ အဆိုအရ ဆာဇာနာမီ ဖျက်သင်္ဘောဟာ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ဖြစ်ပေါ်နေရာ တောင်တရုတ်ပင်လယ် ရေပြင်မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တခုကို သွားရောက် ပူးပေါင်းဖို့အတွက် ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းခဲ့တာလို့ သိရပါတယ်။

နယူးဇီလန် ရေတပ်ကလည်း အေရိုတာရို စစ်သင်္ဘောကို ဂျပန်ရေယာဉ်၊ ဩစတြေးလျရဲ့ ဆစ်ဒစီ စစ်သင်္ဘောတွေနဲ့အတူ စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။

တရုတ် လေယာဉ်တင် သင်္ဘောဖြစ်တဲ့ လျောင်နင်းက ထိုင်ဝမ်နားမှာရှိတဲ့ ဂျပန်ပိုင် ကျွန်းနှစ်ခုကြားကနေ ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းပြခဲ့ပြီးတဲ့နောက် တပတ်အကြာမှာပဲ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန် စစ်သင်္ဘောတွေက ထိုင်ဝမ်ရေလက်ကြားကို အတူတကွ ဖြတ်သန်းပြခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Guardian