နော်ဝေးမှာ လျှပ်စစ်ကား အရေအတွက်က ဓာတ်ဆီကားတွေကို ပထမဆုံးအကြိမ် ကျော်တက်

စက်တင်ဘာ၊ ၁၈

ပထမဆုံး အကြိမ်အဖြစ် ပြည်တွင်းမှာ လျှပ်စစ်ကား အစီးရေက ဓာတ်ဆီကား အရေအတွက်ကို ကျော်တက်ခဲ့ကြောင်း နော်ဝေးက ဆိုပါတယ်။

ကိုယ်တိုင်က ကမ္ဘာပေါ်မှာ ရေနံတင်ပို့မှု အများဆုံး နိုင်ငံတခု ဖြစ်နေပေမယ့်လည်း နော်ဝေးဟာ ပြည်တွင်းမှာတော့ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ညစ်နွမ်းမှုကို လျှော့ချပေးမယ့် လျှပ်စစ်ကားတွေ အစားထိုး သုံးစွဲမှုကို အထူးတလည် အားပေးနေပါတယ်။

အခုသီတင်းပတ်ထဲမှာ ထုတ်ပြန်တဲ့ စာရင်းအသစ်တွေအရ နော်ဝေးမှာ အသုံးပြုနေတဲ့ ကားအစီးရေပေါင်း ၂.၈ သန်း ရှိရာမှာ ၇၅၄၃၀၃ စီးဟာ လျှပ်စစ်စွမ်းအင် သီးသန့် အသုံးပြုတဲ့ အမျိုးအစားတွေလို့ သိရပါတယ်။ အဲဒီအချိန် ဓာတ်ဆီ အသုံးပြုတဲ့ ကားအရေအတွက်က ၇၅၃၉၀၅ စီးသာ ရှိတယ်လို့ နော်ဝေး အဝေးပြေးလမ်းများ ကြီးကြပ်ရေး အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

လူဦးရေ ၅.၅ သန်းလောက်သာ နေထိုင်တဲ့ စကန်ဒီနေးဗီးယား ဒေသတွင်း နိုင်ငံဟာ ၂၀၂၅ ခုနှစ်ကစလို့ ပြည်တွင်းမှာ ဓာတ်ဆီနဲ့ ဒီဇယ် လောင်စာသုံး မော်တော်ကားတွေ ရောင်းချမှုကို အပြီးတိုင် ရပ်ဆိုင်းဖို့ ရည်မှန်းချက်ထား ပြင်ဆင်နေပါတယ်။

အစိုးရက အခွန်လျှော့ပေါ့ပေးတာနဲ့ ထောက်ပံ့ကူညီတာတွေ အပါအဝင် အားပေးထောက်ခံတဲ့ အစီအစဉ်တွေကို မိတ်ဆက်ပေးခဲ့ခြင်းနဲ့အတူ နော်ဝေးမှာ လျှပ်စစ်ကားတွေ သုံးစွဲမှုက သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဥပမာ မြို့တော် အော့စလို အပါအဝင် နေရာ အတော်များများမှာ လျှပ်စစ်ကားတွေဆိုရင် ပါကင်ကြေး အခမဲ့နဲ့ ရပ်နားနိုင်တဲ့ နေရာမျိုးတွေ ဖန်တီးပေးတာမျိုးက နိုင်ငံသားတွေရဲ့ လျှပ်စစ်ကား သုံးစွဲလိုမှုကို တွန်းအားပေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။

လျှပ်စစ်ကားတွေဟာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ ကာဘွန် ဆက်စပ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လုံးဝ မရှိတဲ့ အားသာချက်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

လျှပ်စစ်ကားတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ အဓိက အခက်အခဲ တခုဟာ ဓာတ်အားသွင်းတဲ့ နေရာတွေ ရှားပါးတတ်တဲ့ ပြဿနာ ဖြစ်ပေမယ့် နော်ဝေးမှာတော့ ဒီကိစ္စက ခေါင်းစားစရာ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ အော့စလိုမြို့တော် တခုတည်းမှာတင် လျှပ်စစ်ကားတွေအတွက် အားသွင်းနိုင်တဲ့ နေရာပေါင်း ၂၀၀၀ လောက်ထိ ရှိနေကြောင်း သိရပါတယ်။

Ref: BBC