စက်တင်ဘာ၊ ၁၇
ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ကျောက်ချထားတဲ့ ကမ်းခြေစောင့် သင်္ဘောကို ပြန်လည် ထွက်ခွာစေခဲ့တာဟာ အဲဒီ ရေပြင် ထိန်းချုပ်ခွင့်ကို လက်လွှတ်လိုက်တာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်က ပြောပါတယ်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ ကမ်းဝေး သန္တာကျောက်တန်း တခုနားမှာ ၅ လကြာ ကျောက်ချ ရပ်နားထားတဲ့ ကမ်းခြေစောင့်တပ် ရေယာဉ် Teresa Magbaunaကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြန်လည် ထွက်ခွာစေခဲ့ပါတယ်။ အဲဒီရေပြင်ဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား ပိုင်ဆိုင်ခွင့်အတွက် အပြိုင်အဆိုင် အရေးဆိုနေတဲ့ နေရာပါ။
Teresa Magbauna သင်္ဘောဟာ ဧပြီလ ကတည်းက အဲဒီ သန္တာကျောက်တန်းနားမှာ ကျောက်ချ ရပ်နားထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြန်လည် ထွက်ခွာလာတာပါ။ သင်္ဘော ကျောက်ချထားတဲ့ ရည်ရွယ်ချက်က အဲဒီ သန္တာကျောက်တန်းမှာ တရုတ်က လူလုပ်ကျွန်းတု ချဲ့ထွင်ပြီး ကမ်းဝေး လုံခြုံရေးစခန်း တည်ဆောက်မှုမျိုး မလုပ်နိုင်အောင် တားဆီးထားဖို့ ဖြစ်ပါတယ်။
ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ကတော့ Teresa Magbaunaဟာ ပြန်လည် မွမ်းမံ ပြင်ဆင်မှုတွေနဲ့ တပ်ဖွဲ့ဝင်တွေအတွက် ကျန်းမာရေး ပုံမှန် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဖိလစ်ပိုင် ဆိပ်ကမ်းဆီ ပြန်လာတာလို့ ပြောပါတယ်။
ဒါဟာ ဖိလစ်ပိုင်က တခုခုကို လက်လွှတ် ဆုံးရှုံးခံပေးလိုက်တဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း၊ အက်စ်ကိုဒါ သန္တာကျောက်တန်းဟာ ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်ထဲမှာ အကျုံးဝင်နေဦးမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးတာရီရဲလ်က ဆိုပါတယ်။
ဆာဘီနာ သန္တာကျောက်တန်းကို ဖိလစ်ပိုင်မှာ အက်စ်ကိုဒါလို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။ တရုတ်ဟာ ဆာဘီနာ သန္တာကျောက်တန်း အပါအဝင် တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တခုလုံး နီးပါးကို ပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားတာကြောင့်လည်း ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတချို့နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာပါ။
ရေပိုင်နက် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဖိလစ်ပိုင်နဲ့ တရုတ် ကမ်းခြေစောင့် ရေယာဉ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်လိုတဲ့ ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေပါ ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိ အငြင်းအခုံ ဖြစ်နေတဲ့ ဆာဘီနာ သန္တာကျောက်တန်းဟာ ဖိလစ်ပိုင်ရဲ့ ပါလာဝမ် ကမ်းရိုးတန်း အနောက်ဖက် ၁၄၀ ကီလိုမီတာ အကွာမှာ တည်ရှိပြီး အနီးဆုံး တရုတ်ပိုင်နက်ဖြစ်တဲ့ ဟိုင်နန်ကျွန်းကနေတော့ ကီလိုမီတာ ၁၂၀၀ လောက် ကွာဝေးကြောင်း သိရပါတယ်။
Ref: CNA