နေအိမ်မျောပါသွားတဲ့ ရုပ်သံထဲက ခေါ်သံကြောင့် လူသိများတဲ့ ဒေါ်ခင်မာဝေနဲ့သမီးဖြစ်သူတို့ ရေစီးနဲ့မျောပါ သေဆုံး

Photo – Social Media

စက်တင်ဘာ၊ ၁၅

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေဖြစ်နေချိန် နေ အိမ်တလုံးအလုံးလိုက်မျောပါသွားတဲ့ ရုပ်သံမြင်ကွင်းနဲ့အတူ “ခင်မာဝေရေ”ဆိုတဲ့ခေါ်သံကြောင့် လူသိများခဲ့တဲ့ အ မျိုးသမီးဟာရေစီးနဲ့မျောပါသေဆုံးသွားတယ်လို့ ဆွေးမျိုးနီးစပ်သူတွေကပြောပါတယ်။

“အန်တီခင်မာဝေလည်းဆုံးသွားပါပြီ၊ သူ့သမီးလည်းဆုံးသွားပါပြီ၊သူ့သမီးလေးနာမည်က မိုးမိုးစံ”လို့ ဒေါ်ခင်မာဝေနဲ့ ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးက လူမှုကွန်ရက်ကနေ အသိပေးပြောဆိုပါတယ်။

ဒေါ်ခင်မာဝေတို့မိသားစုနေအိမ် ရေစီးနဲ့မျောပါသွားတဲ့ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပြန်လည်မျှ ဝေမှုများခဲ့တဲ့နောက် ဒေါ်ခင်မာဝင်တို့ကို ကယ်တင်ထားနိုင်ပြီလို့ ရေးသားဖော်ပြမှုတွေလည်းရှိခဲ့ပါသေးတယ်။

“အခုတချို့က လိုင်းပေါ်မှာတင်ထားတယ်၊တွေ့တယ်ဆိုပြီးတော့၊ တွေ့တယ်ဆိုတာအလကားလျှောက်ပြောတာပါ။ လိမ်တာပါ။ ငွေတွေများအကူအညီတောင်းရင်မထည့်ကြပါနဲ့၊ ကျွန်မကြားထဲကမေတ္တာရပ်ခံပါတယ်၊ တင်တဲ့သူက ကျွန်မက မူရင်းပို့စ်ဆိုတော့ ကျွန်မပါထိခိုက်လာမှာစိုးလို့ပါ”လို့ မသဲသဲ နာမည်နဲ့ tiktok လူမှုကွန်ရက်သုံးစွဲသူ အ မျိုးသမီးကပြောပါတယ်။

လက်ရှိနိုင်ငံတဝန်းဒေသအနှံ့ကြုံနေရတဲ့ ရေကြီးနစ်မြုပ်မှုတွေထဲ လူမှုကွန်ရက်ပေါ်မှာ လူသိများတဲ့ဖြစ်စဉ်တွေထဲ က တခုဖြစ်ခဲ့တဲ့အဲ့ဒီရုပ်သံမြင်ကွင်းပါနေရာဟာ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် နယ်မြေ(၁၃)မှာ စက် တင်ဘာ ၁၁ရက်က ဖြစ်ခဲ့တာ လို့ သိရပါတယ်။

“မိနစ်ပိုင်းအတွင်းဖြစ်သွားတာ၊ရေစီးသန်နေတော့”လို့ ဒေါ်ခင်မာဝေတို့မိသားစုနေအိမ်မျောပါသွားတဲ့ အခြေ အနေနဲ့ပတ်သက်ပြီး မသဲသဲက ရှင်းပြပါတယ်။

တပ်ကုန်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေကြုံနေရချိန် ဒေါ်ခင်မာဝေတို့မိသားစုတွေ နေအိမ်မှာရှိနေကြပြီး အ မျိုးသားဖြစ်သူကတော့ နေအိမ်မနစ်မြုပ်ခင်ကတည်းက ရေစီးနဲ့မျောသွားလို့ သစ်ပင်ပေါ်မှာခိုကပ်နေခဲ့ရကာ  အ သက် ၅၇နှစ်အရွယ်ဒေါ်ခင်မာဝေ၊သားအကြီးဖြစ်တဲ့ လူငယ်အမျိုးသား၊အသက် ၁၄နှစ်အရွယ် သမီးဖြစ်သူတို့က တော့ ရေစီးနဲ့မျောပါသွားခဲ့တာပါ။

သားအကြီးဖြစ်သူနဲ့ အမျိုးသားတို့က သစ်ပင်မှာ ဆက်လက်ခိုကပ်နေနိုင်ခဲ့ပေမယ့် ဒေါ်ခင်မာဝေနဲ့ ခြောက်တန်း ကျောင်းသူ သမီးငယ်တို့ကတော့ မျောပါသွားခဲ့ပြီး ဒေါ်ခင်မာဝေရုပ်အလောင်းကို နေအိမ်အနီး ကုက္ကိုလ်ပင်ဂွကြား ညပ်နေတဲ့အနေအထားနဲ့ ပြန်တွေ့ရကာ သမီးဖြစ်သူ ရုပ်အလောင်းကိုတော့ မနေ့က ရှာဖွေတွေ့ရှိတယ်လို့ အ ထက်ပါအမျိုးသမီးကပြောပါတယ်။

“လူကလည်းအရမ်းဝတယ်”လို့ ဒေါ်ခင်မာဝေနဲ့ ပတ်သက်ပြီး မသဲသဲက ပြောပြထားတာလည်းတွေ့ရပါတယ်။ ဒေါ်ခင်မာဝေတို့နေအိမ်မျောပါခဲ့တဲ့ စက်တင်ဘာ ၁၁ရက်ကလည်း မသဲသဲက တပ်ကုန်းမြို့နယ် အနော်ရထာ ရပ်ကွက်၊နယ်မြေ၁၃မှာ ရုတ်တရက် ရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီး ဒေသခံတွေပိတ်မိနေကာ အဒေါ်ဖြစ်သူနေအိမ် မျောပါသွားတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးပြီးကယ်ဆယ်ပေးကြဖို့ အကူအညီ တောင်းခဲ့ပါသေး တယ်။

ရုပ်သံဖိုင်အတွင်း ဒေါ်ခင်မာဝေတို့နေအိမ် ရေစီးနဲ့မျောပါသွားချိန် “ခင်မာဝေရေ”လို့ အော်ဟစ်ခေါ်ဆိုခဲ့သူဟာ လည်း ဒေါ်ခင်မာဝေရဲ့ ခဲအိုတော်စပ်သူဖြစ်တယ်လို့လည်း သိရပါတယ်။

“ရေလည်းကျသွားပါပြီ၊ နောက်ထပ် ဦးလေးနှစ်ယောက်လည်းပျောက်နေပါသေးတယ်၊ မတွေ့သေးပါဘူးရှင့်”လို့ မသဲသဲဆိုသူ အမျိုးသမီးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ယာဂီ တိုင်ဖွန်မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ရှမ်းအရှေ့နဲ့ ရှမ်းတောင်ပိုင်းဒေသတွေမှာ မိုးများပြီး ရွာလုံးကျွတ်နေအိမ်တွေနစ်မြုပ်တဲ့အထိ ရုတ်တ ရက်ရေကြီးမှု၊မြေပြိုမှုတွေနဲ့ကြုံခဲ့ရတာကြောင့် သေဆုံးသူ ရာဂဏန်းအထိရှိနိုင်တယ်လို့ မြေပြင်ကယ် ဆယ်ရေး အဖွဲ့တွေကပြောကြပါတယ်။

နေပြည်တော်ကောင်စီနယ်မြေထဲက ရေကြီးနစ်မြုပ်မှုကြုံခဲ့တဲ့ မြို့နယ်တွေမှာတော့ သေဆုံးသူ နှစ်ဆယ်ဝန်းကျင်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။