ရေဘေးကြုံနေတဲ့မြစ်သားနယ် အနောက်ဘက်ခြမ်းရွာတချို့ ပိတ်မိနေဆဲဖြစ်ပြီး အစားအသောက်ပါ အခက် ကြုံနေ

စက်တင်ဘာ ၊ ၁၄ 

မန္တလေးတိုင်း၊ မြစ်သားမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျေးရွာတချို့မှာ ရေဘေးကြောင့် ရွာခံတချို့ ပိတ်မိ နေကြ ဆဲဖြစ်ပြီး ကယ်ဆယ်ရေးနဲ့ အစားအသောက် ကူညီမှုတွေလည်းမရောက်သေးတာကြောင့် အကူအညီတွေ အ ရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ 

“ရေက ရွာထဲမှာ လူတရပ်ကျော်လောက်ရှိအုံးမယ်၊ကူညီရေးတွေ၊ ထောက်ပံ့ရေးတွေလာတာကလည်း မြစ်သား မြို့နားမှာ စက်လှေတောင်ဖြတ်လို့မရတဲ့နေရာရှိတဲ့အခါကျတော့ သူတို့လည်း မဖြတ်ရဲကြဘူး၊ ထောက်ပံမှုရဖို့ ကမလွယ်ဘူးဖြစ်နေတာ၊ အခုချိန်အထိလည်း မရောက်သေးဘူးဖြစ်နေတာ” လို့ ကင်းစိန်စျေးအနောက်ရွာ ဆရာ တော်က မိန့်ပါတယ်။ 

မြစ်သားမြို့နဲ့ တမိုင်လောက်သာဝေးတဲ့ ကင်းစိန်စျေးအနောက်ရွာ အပါအဝင် စမုံမြစ်အနီးမှာရှိကြတဲ့ ပေါက် မြိုင်၊ အင်းယင်း၊ တမာပင်၊ နွားဖြူငယ်၊ စမုံပေါက်၊ နွားကူးလေး၊ လောင်းတော်ဦး စတဲ့ ရွာပေါင်း ဆယ်ချီက ရွာ ခံတွေ ရေဘေးကြုံနေကြတာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့လောက်ကတည်းက ရေကြီးမှုကြုံနေကြရတာဖြစ်ပြီး ရေစီးသန်တာကြောင့် ကယ်ဆယ်ရေးလုပ်မယ့်သူတွေအတွက်လည်း အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ 

“ခေါ်လို့ရသမျှလူတွေကို ဥပဥ္ဇင်းကျောင်းပေါ်ခေါ်ထားတယ်၊ ကျောင်းပေါ်မှာပဲ ဖြစ်သလိုလေး ချက်ပြုတ်စား သောက်ကြတာပေါ့ ရှိတာလေးနဲ့၊ သူ့နည်းသူ့ဟန်နဲ့ ဘေးကင်းတဲ့ နေရာတွေကို သွားနေကြတာလည်းရှိတယ်”လို့ အထက်ပါ ဆရာတော်က ဆိုပါတယ်။ 

လက်ရှိ အဲဒီဆရာတော်ရဲ့ ကျောင်းမှာတော့ လာရောက်ခိုလှုံနေကြသူ ငါးဆယ်ဝန်းကျင်ရှိနေပြီး အနီးဝန်းကျင် ရွာတွေ အားလုံးပေါင်းရင်တော့ ရေဘေးသင့်ပြည်သူ ထောင်ချီရှိနေနိုင်ပါတယ်။ 

မြစ်သားမြို့ နံဘေးမှာရှိတဲ့ ကင်းတားဆည်၊ ပန်းလောင်မြစ်၊ စမုံမြစ်တို့ ရေလျှံနေတာတွေကြောင့် အခုလို ရေ ကြီးမှုတွေဆက်ရှိနေတာဖြစ်ပြီး မြစ်သားမြို့ပေါ်မှာ ရေကျနေပြီဖြစ်ပေမယ့် အနီးအနားရွာတွေမှာတော့ ရေကျဖို့ အချိန်ကြာနိုင်သေးတယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

“ဦးပဥ္ဇင်းတို့ထက်တောင် ပိုပြီးတော့ အထိနာကြတဲ့ရွာတွေလည်း ရှိတယ်၊ သူတို့ကျတော့ ဦးပဥ္ဇင်းလည်း မမြင်ရ တော့ ဘယ်လိုနေရတယ်၊ ဘယ်လိုစားရတယ်ဆိုတာတော့ မသိဘူး၊ ဒုက္ခရောက်တာတော့အမှန်ပဲ၊ တချို့ဆို အိမ် ခေါင်မိုးပေါ်မှာ တက်နေရတဲ့ အနေအထား” လို့လည်း ဆရာတော်က ဆိုပါတယ်။ 

အင်အားပြင်း ယာဂီ စူပါတိုင်ဖွန်း မုန်တိုင်းရဲ့ အရှိန်နဲ့ မိုးအဆက်မပြတ်ရွာတာကြောင့် စက်တင်ဘာ ၁၀ ရက် လောက်ကတည်းက မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး ရေဘေးသင့်ပြည်သူ သန်းချီနဲ့ သေဆုံးသူ လည်း ရာချီရှိနေပြီဖြစ်ပါတယ်။