ကြာအင်းဆိပ်ကြီးက စစ်ကောင်စီအထိုင်စခန်းတခု တိုက်ခိုက်ခံရလို့ စခန်းစွန့်ခွာထွက်ပြေး

Photo – S.O.F

စက်တင်ဘာ၊ ၁၃

ကရင်ပြည်နယ် KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီအထိုင်တပ်စခန်းတခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက် အဲ့ဒီစခန်းကစစ်ကောင်စီ အင်အားခုနစ်ဆယ် လောက် စခန်းစွန့်ထွက်ပြေးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာထားတဲ့ အဲ့ဒီ စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခုလ ၁၁ရက်မှာထပ်မံတိုက်ခိုက်ခဲ့တဲ့နောက် ဒဏ်ရာရသူတွေကိုပါခေါ် ပြီးမနေ့က မနက်ပိုင်းမှာစခန်းစွန့်ထွက်ပြေးသွားလို့ဆိုပါတယ်။

ဘုရားသုံးဆူနဲ့ သံဖြူဇရပ်လမ်းပိုင်းကို စိုးမိုးထိန်းချုပ်ထားတဲ့ လွှတ်ရှမ်းရွာကစစ်ကောင်စီအထိုင်စခန်းကို KNLA ပူး ပေါင်းတပ်တွေက ဩဂုတ် ၂၄ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ရှစ်ဦးသေဆုံးကာ သုံးဆယ်ကျော်ဒဏ်ရာ ရခဲ့တယ်လို့ S.O.F တပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီက MI-35၊Y-12 လေယာဉ်တွေနဲ့ ဗုံးသီးပေါင်းတရာကျော်ကြဲချခဲ့ပေမယ့် တော်လှန် ရေးပူးပေါင်းတပ်တွေက ဆက်လက်ဝန်းရံပိတ်ဆို့ထားကာ စက်တင်ဘာ ၁၁ရက်က ထပ်မံ ထိုးစစ်ဆင်ခဲ့ပြီးနောက် စခန့်စွန့်ပြေးသွားကြတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ထွက်ပြေးသွားတဲ့နောက် လက်ရှိမှာအဲ့ဒီစခန်းကို KNLA ပူးပေါင်းတပ်တွေက ရှင်းလင်းထိန်းချုပ်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီစခန်းထဲကနေ စစ်သုံးပစ္စည်းနဲ့ ခဲယမ်းတချို့သိမ်းဆည်း ရရှိခဲ့တယ်လို့ S.O.F တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ အနောက်တောင်ဘက် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်က လွှတ်ရှမ်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အဲ့ဒီစခန်းကို ရှင်းလင်းထိန်းချုပ်နိုင်တဲ့နောက် နယ်မြေစိုးမိုးမှုရရှိထားပြီလို့လည်း S.O.F တပ်ဖွဲ့က ဆိုပါတယ်။