နိုင်ငံပိုင်နက်ထဲက ယူကရိန်းတပ်တွေကို ထိထိရောက်ရောက် စတင်တွန်းလှန်နေပြီလို့ ရုရှားကြေညာ

စက်တင်ဘာ၊ ၁၄

နိုင်ငံပိုင်နက်ထဲ နယ်ကျွံဝင်ရောက်လာတဲ့ ရန်သူ ယူကရိန်း တပ်တွေကို ထိထိရောက်ရောက် ပြန်လည် တွန်းလှန်နေနိုင်ပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြွေးကြော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲကာလတလျှောက် ရုရှားပိုင်နက်ထဲမှာ ဆင်နွှဲတဲ့ အကြီးမားဆုံး စစ်ဆင်ရေးအဖြစ် နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှား အနောက်ဖက်ခြမ်းမှာရှိတဲ့ ကက်စ်ခ်ဒေသထဲက မြို့ရွာတွေကို ဝင်ရောက် သိမ်းယူခဲ့ပါတယ်။ ယူကရိန်းရဲ့ ထိုးစစ်ဟာ ရုရှားကို အငိုက်မိသွားစေခဲ့ပြီး တန်ပြန် ဟန့်တားနိုင်ဖို့အတွက် အတော်ကြီး ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကျူးကျော်သူ ယူကရိန်းတပ်တွေ ထိန်းချုပ်ခဲ့တဲ့ ကျေးရွာ ၁၀ ခုကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး စစ်ရေး အခြေအနေတွေ အားရစရာ ဖြစ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

ယူကရိန်း သမ္မတဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားပိုင်နက်ထဲ တပ်ဖွဲ့တွေ စေလွှတ်ခဲ့တဲ့ စစ်ဆင်ရေးဟာ ရုရှားနယ်မြေတွေကို သိမ်းပိုက်ဖို့ မဟုတ်ဘဲ ရုရှားရဲ့ ထိုးစစ်မှာ အသုံးပြုနေတဲ့ တပ်အင်အားကို လျှော့ချနိုင်ဖို့ အဓိက ရည်ရွယ်ထားတာလို့ ကနဦးတုန်းက ပြောကြားထားပါတယ်။

ရုရှားရဲ့ အဆိုအရ နိုင်ငံမြောက်ပိုင်းကနေ ရွှေ့ပြောင်းလာတဲ့ တပ်တွေဟာ ကက်စ်ခ်မှာရှိတဲ့ ရုရှား လူနေဧရိယာတွေကို ၂ ရက်အတွင်း ပြန်လည် သိမ်းယူနိုင်ပြီး ဆနာဂို့စ် မြို့နားမှာ စုရုံးထားတယ်လို့ သိရပါတယ်။

ယူကရိန်းဟာ ဩဂုတ် ၆ ရက်နေ့ကစလို့ နယ်စပ်ကို ဖြတ်ကျော်ပြီး ကက်စ်ခ်ဒေသထဲက ရုရှား မြို့ရွာတွေကို ထိန်းချုပ် သိမ်းယူခဲ့တဲ့အပြင် စစ်ရုံးပါ ဖွင့်ထားခဲ့ပါတယ်။ အဲဒီ အခြေအနေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက်လည်း သိက္ခာကျစရာ ဖြစ်ခဲ့ပါတယ်။

လတ်တလော ကက်စ်ခ်ဒေသထဲမှာ ရုရှားက အခြေအနေ ကောင်းနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ရုရှားစစ်တပ်ရဲ့ သတင်းရင်းမြစ် တချို့ကတော့ ပူတင်ဟာ ကက်စ်ခ်ဒေသ တခုလုံးမှာ စက်တင်ဘာ လကုန်ကျရင် ယူကရိန်းတပ်တွေ လုံးဝ ကင်းရှင်းတဲ့ အခြေအနေထိ ပြန်ရောက်စေဖို့ သူ့ရဲ့ စစ်ဦးစီးတွေကို ဖိအားပေး ညွှန်ကြားထားတယ်လို့ ပြောကြားထားပါတယ်။

Ref: BBC