ရေတာရှည်မှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ သေဆုံး၊ ထိခိုက်မှုရှိ၊ ရွာခုနစ်ရွာထက်မနည်း တိမ်းရှောင်နေရ

Photo- Yedashe Township Information

စက်တင်ဘာ၊ ၁၀

ပဲခူးတိုင်း၊ရှေတာရှည်မြို့နယ် အရှေ့ခြမ်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကျေးရွာတွေကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ဒရုန်းနဲ့ဗုံးကြဲတာ၊လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ဆယ်ဦးအထက်ရှိတယ်လို့ မြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

စစ်ကောင်စီက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းပေါ်မှာရှိတဲ့ ကဲလင်းဆိပ်ကျေးရွာကို အခုလ ၁၀ရက် တရက်တည်း ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့သလို အဲ့ဒီရွာအနီးက ရှားတောကျေးရွာကိုလည်း တနေ့တည်းမှာပဲ ဒရုန်းနဲ့နှစ်ကြိမ် တိုက် ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒေသတွင်းမှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီဘက်က အခုလို တိုက်ခိုက်မှုတွေလုပ် လာတာလို့ လည်းဒေသ မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Yedashe Township Information အဖွဲ့ကပြောပါတယ်။

စစ်ကောင်စီက ကဲလင်းဆိပ်ကျေးရွာစာသင်ကျောင်းနဲ့ တောင်ခြေလမ်းဆုံတို့ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဒေသခံ ပြည်သူသုံးဦးသေဆုံးကာ  ကိုးဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ကဲလင်းဆိပ် ရွာအ နီး တောင်ဘက်ကရှားတောရွာကိုအလားတူတိုက်ခိုက်ရာမှာလည်း ဒေသခံနှစ်ဦးဒဏ်ရာရခဲ့ပါသေးတယ်။

“ဒေသခံကတွေကတော့ ရှောင်တိမ်းနေရတယ်”လို့ Yedashe Township Information အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာအပြင် စက်တင်ဘာ ၇ရက်ကနေ ၉ရက်အထိ သုံးရက်ဆက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကျေးရွာတွေဘက်ကို ၁၂၀ မမလက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေတာ ကြောင့် ပိန္နဲပင်၊ဘိုတဲစု၊ ကျောက်အိုး၊ သောင်ကြီး၊ ရှားတော၊ ကွက်သစ်၊ ကဲလင်းဆိပ်စတဲ့ ကျေးရွာတွေက ဒေသခံတွေ  ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးတဲ့ဒေသခံတွေရဲ့အသေးစိတ်အချက်အလက်တွေကို တော့ မသိရသေးပါဘူး။ရှေတာရှည်မြို့နယ် အရှေ့ခြမ်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဒေသတွေဟာ ပဲခူးရိုးမ အစပ် ကရင်ပြည်နယ် လိပ်သို၊ သံတောင် စတဲ့ဒေသတွေနဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။

နိုင်ငံတဝှမ်း စစ်ရေးအခြေအနေတွေကိုနေ့စဉ်ဖော်ပြသုံးသပ်နေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီ ဟာ သံတောင်မြောက်ခြမ်းနဲ့ထိစပ်နေတဲ့ ရေတာရှည် အရှေ့ခြမ်းဒေသတွေဘက်ကို ဒရုန်းအများဆုံး အသုံးပြု တိုက်ခိုက်ကာ နယ်မြေရှင်းလင်းရေးလုပ်နေပြီး ၁၁နှစ်အရွယ်ကလေးတဦးအပါအဝင် ပြည်သူလေးဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံး၊ ဒဏ်ရာရတာရှိနေတယ်လို့ဆိုထားပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြေပြင်စစ်ရေးအခြေအနေတွေ ထုတ်ပြန်တာမရှိသေးသလို DNA က ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။