TNLA တပ်သားတွေစုဖွဲ့နေလို့ လက်ဖက်စက်ရုံကို စစ်ကောင်စီဗုံးကြဲဆိုတဲ့ သတင်းမှား

စက်တင်ဘာ၊ ၉။

(Fact Check)Delta News Agency/The Red Flag

မန်တုံမြို့က လက်ဖက်စက်ရုံတခုမှာ TNLA တပ်သားတွေစုဝေးနေလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ လ ၃ ရက်က လေယာဥ်နဲ့ဗုံးကြဲချခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ 

အဲ့ဒီသတင်းမှားကို People Media က ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မနက် ၇ နာရီ ၁၁ မိနစ်မှာ စတင်ဖြန့် ဝေထားပြီး “ စက်တင်ဘာ ၃ ရက် ည (၁၀)နာရီခွဲနှင့် (၁၁)နာရီ (၁၁)မိနစ်ခန့်တွင် မန်တုံ-နမ့်ဆန်လမ်းမ ပေါ်ရှိ စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့် လက်ဖက်စက်ရုံကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွ TNLA အဖွဲ့ဝင်များ စုဖွဲ့နေသည့် အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ကာ စစ်သွေးကြွအဖွဲ့ဝင် အများအပြားထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။” (မူရင်းအတိုင်း)လို့ ရေးသားဖြန့်ဝေထားတာပါ။

အဲ့ဒီဖြန့်ဝေမှုကိုကြည့်ရှုသူ ၃၇၃၅၅ ဦး၊ reaction ပြုလုပ်သူ ၇၁၄ ဦး၊ comment ၁၆ ခုနဲ့ ပြန်လည်မျှဝေသူ ၄ ဦးထိ ရှိပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာတွေ့ရှိရပါတယ်။

ဒါ့အပြင်  စစ်ကောင်စီရဲ့လော်ဘီချန်နယ်တခုဖြစ်တဲ့ နေပြည်တော် ချန်နယ်ကနေလည်း ပြီးခဲ့တဲ့ စက်တင် ဘာလ ၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ “TNLA ဌာနချုပ်နေရာများကို တိုက်ခိုက်ခံရမှ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး စစ်ရေးသတိအမြဲရှိကြဖို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယဥက တိုက်တွန်း နေရပါတယ်။”(မူရင်းအတိုင်း) စာသားပါ ပို့စ်ကို ဖြန့်ဝေထားပြီး တခြားလော်ဘီချန်နယ်တွေဖြစ်တဲ့ Khon Sai Oo 🇲🇲Maw Shan Myay Media တို့ကနေလည်း ပြန်လည်ကူး​ယူဖော်ပြထားတာကို တွေ့ရပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ အဲ့ဒီ ပျံ့နှံ့နေတဲ့ သတင်းမှားကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ လက်ဖက်ရုံမှာ TNLA တပ်သားတွေ စခန်းချနေထိုင် တယ်ဆိုတဲ့အကြောင်းအရာဟာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းမှားစီစစ်ချက်

စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ BBC မြန်မာပိုင်းက စက်တင်ဘာလ ၄ ရက်က ရေးသားထားတာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ 

BBC မြန်မာပိုင်းပို့စ်လင့်ခ် – https://archive.ph/a4b94 

တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီအနေနဲ့ မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်နဲ့ မြို့မတံတား အနီး ရှိ ဦးအိုက်အေး အချိုခြောက် လက်ဖက်စက်ရုံကို ပေါင် ၃၀၀ ဗုံး ၃ လုံး နဲ့  (၁၃၀) တပ်စခန်းကုန်းအတက်မှာ  ဗုံး တလုံးကြဲချခဲ့တယ်လို့ စက်တင်ဘာလ ၄ ရက်က DVB သတင်းဌာနမှာ ရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

စစ်ကောင်စီက အခုလိုဗုံးကြဲခဲ့တာကြောင့် အရပ်သားတဦး ထိခိုက်သေဆုံးခဲ့တဲ့အပြင် နေအိမ် ၅ လုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ MeKong News – မဲခေါင်သတင်းဌာနက စက်တင်ဘာလ ၄ ရက်က ရေးသား ထားတာကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် စစ်ရေးအရအရေးနိမ့်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တိုက်တွန်း ထားတဲ့အကြောင်း Shwe Phee Myay News Agency က စက်တင်ဘာလ ၄ ရက်က ရေးသားထား တာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

မန်တုံမြို့ကို TNLA တပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် ဆိုတဲ့အကြောင်းကို Shwe Phee Myay News Agency ကရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင် ပါတယ်။

သုံးသပ်ချက်

စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဲ့ဒီအဆောက်အဦး အရပ်သားပိုင်အဆောက်အဦးတခု ဖြစ်ပေမယ့် စစ်ကောင်စီ လော်ဘီချန်နယ်တွေမှာတော့ TNLA ကတပ်သားတွေ တပ်စွဲထားတဲ့နေရာတခု ဖြစ်လို့ အခုလိုတိုက်ခိုက်ခဲ့တာလို့ ဝါဒဖြန့်ရေးသားထားတာပါ။

အဲ့ဒီလို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၁ နှစ်အရွယ် လက်ဖက်စက်ရုံဝန်ထမ်းတဦး ဒဏ်ရာရရှိခဲ့ပေမယ့် စစ်ကောင်စီလော်ဘီချန်နယ်တွေမှာတော့ TNLA တပ်သားအများအပြား ထိခိုက် သေဆုံးခဲ့တယ်လို့ ရေးသားထားတာပါ။

စစ်ကောင်စီအနေနဲ့ အခုလိုအရပ်သားတွေကို ပြစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမျိုးတွေ မကြာခဏလုပ်လေ့ရှိပြီး သတင်းမှားဖြန့်ဝေတာမျိုးတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာပါ။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ  ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork