NATO နိုင်ငံနှစ်ခု လေပိုင်နက်တွေထဲ ရုရှား ဒရုန်းတွေ ကျူးကျော် ရောက်ရှိခဲ့တယ်လို့ဆို

စက်တင်ဘာ၊ ၉

ရုရှား ဒရုန်းတွေရဲ့ လေပိုင်နက် ကျူးကျော် ဝင်ရောက်မှုတွေကို ကြုံတွေ့ခဲ့ရကြောင်း NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံနှစ်ခုက ပြောပါတယ်။ 

စက်တင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်း အရုဏ်မတက်ခင် ယူကရိန်းကို ရုရှားက ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ဒရုန်းတစီးက ရိုမေးနီးယား လေပိုင်နက်ထဲ ဖြတ်ပျံခဲ့တာလို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်ကလည်း လတ်ဗီးယားရဲ့ လေပိုင်နက်ထဲမှာ အလားတူ ရုရှားဒရုန်းတစီး ကျူးကျော် ရောက်ရှိပြီး ပျက်ကျခဲ့တယ်လို့ လတ်ဗီးယား အစိုးရက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းပိုင် ဒါနူဘီမြို့မှာရှိတဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေနဲ့ ဆိပ်ကမ်း ဧရိယာတွေကို လေကြောင်းက​နေ တိုက်ခိုက်ရာမှာ ဒရုန်းတစီးက လေပိုင်နက် ကျူးကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အဲဒီအတွက် ရိုမေးနီးယားဟာ F-16 တိုက်လေယာဉ်တွေကို ချက်ချင်းစေလွှတ် စောင့်ကြည့်စေခဲ့ရသလို နိုင်ငံ အရှေ့ဖျားက ဒေသနှစ်ခုမှာလည်း ဒေသခံတွေကို text messageတွေကနေတဆင့် သတိပေးချက်တွေ ပေးပို့ခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီ ဒရုန်းဟာ ပျက်ကျခဲ့သလား ဆိုတာကို မသေချာတာကြောင့် ယူကရိန်းနဲ့ ရိုမေးနီးယား နယ်စပ်နားက လူနေထိုင်မှု မရှိတဲ့ နယ်မြေတခုကိုလည်း ဖြန့်ကျက် စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး အခုကိစ္စမှာ ထိခိုက်ပျက်စီးမှု၊ သေကြေဒဏ်ရာရမှု သတင်းတွေတော့ မရှိဘူးလို့ ရိုမေးနီးယားက ပြောပါတယ်။

လတ်ဗီးယား ကာကွယ်ရေး ဝန်ကြီး အန်းဒရစ် စပရုဒ်စ်ကလည်း အဲဒီဖြစ်စဉ် မတိုင်ခင် တရက်မှာ ရုရှား ဒရုန်းတစီးဟာ နယ်စပ်မြို့ဖြစ်တဲ့ ရီဇက်ခ်နီနားကို ပျက်ကျခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီ ဒရုန်းကို လတ်ဗီးယားရဲ့ အိမ်နီးချင်း၊ ရုရှားအတွက် စစ်ရေး မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံ ပိုင်နက်ထဲကနေ လွှတ်တင်ခဲ့တာလို့ ယူဆရကြောင်းလည်း စပရုဒ်စ်က ပြောပါတယ်။

ရုရှားကတော့ သူတို့လွှတ်တင်တဲ့ ဒရုန်းတွေ NATO အဖွဲ့ဝင် နိုင်ငံတွေ ပိုင်နက်ထဲ ရောက်ရှိခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လတ်ဗီးယား နိုင်ငံပိုင်နက်ထဲ ရုရှားရဲ့ စစ်သုံး လက်နက်တွေနဲ့ ယာဉ်တွေ ဖြတ်သန်းတဲ့ ကိစ္စမျိုးဟာ ရှားပါး အခြေအနေလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ရိုမေးနီးယားမှာတော့ ရုရှား ဒရုန်း အပျက်အစီးတွေ ကျရောက်တာမျိုး ဖြစ်စဉ်တချို့ အတည်ပြု တွေ့ရှိထားခဲ့ပါတယ်။

NATO မဟာမိတ် တပ်ဖွဲ့ကတော့ အဲဒီလို လေပိုင်နက် ကျူးကျော် ဝင်ရောက်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမျိုး မဟုတ်ဘူးလို့တော့ ယုံကြည်ထားပါတယ်။ စပရုဒ်စ်ကလည်း ရုရှားဒရုန်းတစီး နယ်စပ်မှာ ပျက်ကျခဲ့တဲ့ ကိစ္စဟာ လတ်ဗီးယား နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Ref: Politico