လူမှုရေး အရှုပ်အထွေး ပေါ်ပေါက်လာလို့ အီတလီ ဝန်ကြီးတဦး ရာထူးက နုတ်ထွက်ရ

စက်တင်ဘာလ ၊ ၇

အငယ်အနှောင်းထားတဲ့ လူမှုရေး အရှုပ်အထွေးကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ရာက အီတလီ ဝန်ကြီးတဦး ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

ယဉ်ကျေးမှု ဝန်ကြီး ဂျန်နာရို ဆန်ဂူလီယာနို စက်တင်ဘာ ၆ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်စာ တင်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ဖက်ကနေ သီတင်း ၂ ပတ်လောက်ကြာအောင် အစွမ်းကုန် ရပ်တည်ပေးခဲ့တဲ့ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီအတွက်လည်း အခုဖြစ်စဉ်ဟာ အရှက်ရစရာ ကိစ္စမျိုးပါပဲ။

မယ်လိုနီရဲ့ လက်ယာစွန်း အီတလီ ညီနောင်များ ပါတီဝင် တဦးဖြစ်သူ ဆန်ဂူလီယာနိုဆီက နုတ်ထွက်စာကို လက်ခံချိန်မှာ မယ်လိုနီကတော့ သူ့ရဲ့ ဝန်ကြီးဟာ ရိုးသားခဲ့သူ တယောက်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆန်ဂူလီယာနိုဟာ ဝန်ကြီးဌာနထဲက အကြံပေး အမျိုးသမီးနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု အရှုပ်အထွေးတွေ ပေါ်ပေါက်လာရာက အရှက်ရစရာ အခြေအနေတွေကို ကြုံတွေ့ခဲ့ပြီး နောက်ဆုံးမှာတော့ နုတ်ထွက်ရတဲ့ အဆင့်ထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ပိုပြီး ဆိုးရွားသွားတာက ဝန်ကြီးနဲ့ အရှုပ်အထွေး ဖြစ်ခဲ့တဲ့ အမျိုးသမီးဟာ အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် ဖြစ်သင့်တဲ့ စာရွက်စာတမ်း တချို့ကို ဆန်ဂူလီယာနိုဆီကနေတဆင့် ကြည့်ရှုခွင့် ရခဲ့တယ်ဆိုတဲ့ ကိစ္စပါ ပေါက်ကြားလာခြင်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မာရီယာ ရိုဆာရီယာ ဘော့စီယာဆိုတဲ့ အဲဒီ အမျိုးသမီးက Instagramမှာ သူနဲ့ ဝန်ကြီးကြားက အရှုပ်အထွေးမှာ သူ့ဖက်က လော်လီဖောက်ပြားခဲ့တာ မဟုတ်ကြောင်း ကာကွယ်ရေးသားရင်း ဆန်ဂူလီယာနိုအတွက် ပိုပြီး အရှက်ရစရာတွေ ဖြစ်စေခဲ့ပါတယ်။

နုတ်ထွက်စာ တင်ပြီးတဲ့ အချိန်မှာတော့ ဆန်ဂူလီယာနိုက ပထမဆုံး အနေနဲ့ သူ့အပေါ် အလေးအနက် ယုံကြည်ခဲ့တဲ့ ဇနီးဖြစ်သူကို တောင်းပန်ရမှာ ဖြစ်ကြောင်း၊ ပြီးတော့ အစိုးရကို အရှက်ရစေခဲ့မိတဲ့ သူ့လုပ်ရပ်အတွက် ဝန်ကြီးချုပ် မယ်လိုနီကို တောင်းပန်လိုကြောင်း မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပါတယ်။

မယ်လိုနီကတော့ ဆန်ဂူလီယာနိုဟာ သူတာဝန်ယူခဲ့တဲ့ ကာလ အတောအတွင်း အီတလီရဲ့ အဖိုးတန် အမွေအနှစ် အနုပညာ လက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားမှု စနစ်တွေမှာ အများကြီး မြှင့်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်နေမှာ ဖြစ်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

Ref: AP