စက်တင်ဘာ၊ ၆
မကွေးတိုင်းမြိုင်မြို့မြောက်ဘက် မြိုင်နဲ့စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အစပ်က လက်ယက်မကျေးရွာထဲကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်ငါးဦးသေဆုံးကာ ငါးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
စစ်ကောင်စီကတိုက်ပွဲမရှိဘဲ လက်ယက်မကျေးရွာစာသင်ကျောင်းနဲ့ ရွာထဲက နေအိမ်တချို့ကို ပစ်မှတ်ထားကာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲ ကလေးငယ်တဦးလည်းပါဝင်တယ်လို့ ဒေသအ ခြေ စိုက် တော်လှန်ရေး အင်အားစုတွေကပြောပါတယ်။
“စာသင်ကျောင်းကို ၁၂နာရီ ၄၈ မှာပစ်တယ်၊အဲ့မှာ စက်လက်နဲ့ပစ်ပြီးမှ ဗုံးပေါင် ၃၀၀ဗုံးဖြစ်မလားမသိဘူး၊ ဗုံးသုံး လုံးကြဲတယ်၊စက်လတ်နဲ့ပစ်တယ်”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုလကျ်ာ က DNAကိုပြောပါတယ်။
စစ်ကောင်စီ လေယာဉ်က ကြဲချတဲ့ဗုံးတွေလက်ယက်မ ရွာထဲကနေအိမ်တချို့အပေါ်ကျရောက်ပေါက်ကွဲ တာ ကြောင့် မိသားစုတခုတည်းက မိခင်နဲ့သားနှစ်ဦး၊ကလေးငယ်တဦးတို့သေဆုံးတဲ့အပြင် ဆိုင်ကယ်စီးလာချိန် လေ ကြောင်းတိုက်ခိုက်မှုနဲ့ကြုံကာ အသက်နှစ်ဆယ်အရွယ်ရွာခံ အမျိုးသမီးတဦးလည်း ဗုံးစထိမှန်သေဆုံးသွား တယ် လို့သိရပါတယ်။
တအိမ်တည်းက သေဆုံးသွားသူ လေးဦးဟာ မိခင်ဖြစ်သူ ဒေါ်ချို၊သားအကြီးဖြစ်တဲ့ အသက် ၃၇နှစ်အရွယ်၊ ကိုသန့် ဇင်ထွန်း၊၃၅နှစ်အရွယ် သားလတ် ကိုသစ်မျိုးထွန်းတို့နဲ့ ဒေါ်ချိုရဲ့မြေးဖြစ်သူ ကလေးငယ်တဦး တို့ဖြစ် တယ်လို့ မြိုင်ပကဖ ကပြောပါတယ်။
“လေယာဉ်လာတော့ အပေါ်ကိုတော့ ကြည့်နေသေးတယ်၊အိုင်ကွန်သတင်းလည်းရတော့။ လေယာဉ်ကမမြင်ရ ဘူး၊ ဖိုက်တာကို မမြင်ရဘဲ အသံပဲကြားနေရတာ။ပြီးကာမှ ချက်ချင်းပြန်လာပြီးတော့ စက်ကလေးနဲ့စွဲပြီးတော့ ဗုံးပထမ ဆုံးချသွားတာ၊ဒီနောက် သုံးခါပတ်ပြီးမှ ပြန်သွားတာ”လို့ မြိုင်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။
ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုလုပ်ချိန်ဒေသတွင်းမှာ တိုက်ပွဲမရှိသလို လတ်တလောရက်ပိုင်းတွေအတွင်း လက် ယက်မရွာအနီးတဝိုက်မှာတိုက်ပွဲဖြစ်တာ၊ပျူစောထီးရွာတွေ ရှိနေတာမျိုးလည်း မရှိဘူးလို့ မြိုင်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားတဲ့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတဦးကလည်းပြောပါတယ်။
“(မြေပြင်အခြေအနေ)ပုံမှန်ပါပဲ၊ဒါပေမဲ့ တော်လှန်ရေးတွေတော့စိုးမိုးထားတယ်၊တော်လှန်ရေးအားကောင်းတယ်၊ ဒါကြောင့် လုပ်တယ်ထင်တယ်”လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူကဆိုပါတယ်။
နောက်ထပ် မြိုင်ဒေသခံတဦးကတော့ လက်ယက်မကျေးရွာ စာသင်ကျောင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တွေရှိနေတယ်လို့ယူဆပြီး အခုလို လေကြောင်းတိုက်ခိုက်မှုလုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“မနေ့တုန်းကလည်း လေယာဉ်နဲ့လာတိုက်ခိုက်တယ်၊ဒီနေ့ရောပေါ့၊ဒီကောင်(တွေ)မြေပြင်ကို ကြောက်တော့ ကြောက်တယ်၊လေယာဉ်နဲ့ပဲလာတယ်”လို့ မြိုင်ပကဖ တာဝန်ရှိသူ ကိုလကျ်ာက ဆိုပါတယ်။
နိုင်ငံတဝန်းဒေသအနှံ့မှာ တော်လှန်ရေးအင်အားစုတွေရဲ့ မြေပြင်တိုက်စွမ်းအား တိုးလာတာနဲ့အမျှ စစ်ကောင်စီက အရပ်ဘက်နေရာတွေပါမချန် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်လာတာကြောင့် မြိုင်မြို့နယ် ထဲက ကျေးရွာတွင်းနေအိမ်တိုင်းမှာ ကတုတ်ကျင်းနဲ့ ဗုံးခိုကျင်းတွေ ထားရှိရေးတာဝန်ရှိသူတွေက စီမံနှိုးဆော်ပေး ကြဖို့ မြိုင်ပကဖက ပြီးခဲ့တဲ့ ဇွန်လဆန်းမှာထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနှစ်ကြိမ်နဲ့ ရခိုင်ဒေသ၊ရှမ်း-မန်းစစ်ဆင်ရေး စတာတွေအပြင် တခြား ဒေသအနှံ့မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ရင်း၊ဌာနချုပ်၊တပ်စခန်းတွေနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲမှုတွေ ခပ် စိတ်စိတ်လုပ်လာတဲ့နောက် စစ်ကောင်စီကလည်း စစ်ရေးအားကောင်းတဲ့ ဒေသအားလုံးကို လေကြောင်းတိုက် ခိုက်မှုတွေ အရှိန်မြှင့်တုံ့ပြန်နေပါတယ်။
စစ်ကောင်စီဟာမနေ့ညပိုင်းကလည်း ရှမ်းမြောက်နမ့်ခမ်းမြို့၊ ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်ထဲက “ဘန်ကောက်”စစ်ရှောင်စခန်းတို့ကိုလေကြောင်းတိုက်ခိုက်ခဲ့သလို ဒီးမောဆိုမြို့နယ် နန်းမယ်ခုံမြို့ကိုလည်း နှစ် ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် စုစုပေါင်း နှစ်ဆယ်ကျော်သေဆုံးကာ ဒဏ်ရာရသူ နှစ် ဆယ်ဝန်းကျင်လောက်ရှိခဲ့ပါသေးတယ်။