စက်တင်ဘာ၊ ၆
အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်စတင်နေပြီဖြစ်တဲ့ စစ်တွေမြို့နယ်မှာ စစ်ကောင်စီက တပ်စခန်းသစ်တွေ တိုးချလိုက်သလို မြို့တွင်းရပ်ကွက်တွေထဲမှာလည်း ကင်းလှည့်၊ စစ်ကြောင်းထိုးကာ အရပ်သားတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာနေတယ်လို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ ဇော်မတက်ရွာကနေ စစ်တွေမြို့အဝင် ဒေသကွပ်ကဲမူစစ်ဌာနချုပ်(ဒ
ကစ)နဲ့ နာရီကန်ရွာတပ်ရင်းတို့ဆီ သွားတဲ့လမ်းတလျှောက်မှာ စခန်းတွေ တိုးချလိုက်တာလို့ မြေပြင်နဲ့အဆက်အသွယ်ရနေတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့နေရာက စစ်တွေမြို့နဲ့အရမ်းကပ်နေပြီ၊ ဒကစနဲ့လည်း နီးတယ်၊ ရေတပ်နဲ့ ပိုနီးတယ်၊ အဲဒါကြောင့်မို့လို့ သူတို့လုံခြုံရေးထပ်ချတာ၊ စခန်းလေးခုတဲ့ ထပ်တိုးတာ၊ ချောင်းကမ်းနားတွေမှာလည်း မိုင်းတွေ အများကြီး ထောင်ထားတယ်”လို့ ၎င်းက ဆိုပါတယ်။
သုံးမိုင်ဝန်းကျင်ရှိတဲ့ အဲဒီလမ်းတလျှောက်မှာ စစ်စခန်း လေးခု ထပ်တိုးချလိုက်တာဖြစ်ပြီး ယခင်ကတည်းကလည်း အဲဒီလမ်းပေါ် စစ်ကောင်စီတပ်စခန်းတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ အမြင့်ကျွန်းရွာမှာလည်း လူနေအိမ်တွေကို ဖြိုဖျက်ပြီး ရွာပတ်လည် ဘတ်ဟိုးနဲ့ မြောင်းတူးကာ အကာအကွယ်လုပ်ထားကြတယ်လို့ ပြောကြပါတယ်။
“ကမ်းနားက အိမ်လေးလုံးကိုလည်း ဖြိုပစ်တယ်၊ ပြီးရင် မြောင်းတွေ တလျှောက်လုံး တူးတာ”လို့ အမြင့်ကျွန်းရွာသားတဦးက ပြောပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ပြီး ဒေသကွက်ပွဲမှုစစ်ဌာနချုပ်(ဒကစ)တည်ရှိရာ စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့က ပထမဆုံးအကြိမ် မြေပြင်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်က အင်အားသုံးဆယ်ဝန်းကျင် သေဆုံးကာ လက်နက်ခဲယမ်းခြောက်ဆယ်ဝန်းကျင် ဆုံးရှုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
အဲဒီတိုက်ပွဲဟာ စစ်တွေတပ်နယ်နဲ့ လေးမိုင်ကျော်အကွာ၊ ရွှေမင်းဂံရေတပ်နဲ့ နှစ်မိုင်၀န်းကျင်အကွာမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် မြေပြင်တိုက်ပွဲဆက်ဖြစ်တာမရှိပေမယ့် အာရက္ခတပ်တော်(AA)ဘက်က စစ်ကောင်စီရဲ့ ရွှေမင်းဂံ ရေတပ်စခန်းနဲ့ ဒကစစစ်တွေ တပ်နယ်တို့ဆီ အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတွေသုံးကာ ပစ်ခတ်၊ တိုက်ခိုက်တာတွေ မကြာခဏ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလို တိုက်ခိုက်ခံရပြီးနောက်ရက်မှာပဲ စစ်ကောင်စီက တပ်စခန်းသစ်တွေ တိုးချခဲ့တာဖြစ်ပြီး မြို့တွင်းမှာလည်း ယခင်ကထက် ကင်းလှည့်ဖမ်းဆီးတာတွေ ပိုလုပ်လာခဲ့တယ်လို့ မြို့တွင်းနေထိုင်သူတွေက ပြောကြပါတယ်။
“မြို့ထဲမှာဆိုရင် ကားအစီး တဆယ်၊ နှစ်ဆယ်နဲ့ နေ့တိုင်း (ကင်း)လှည့်တယ်၊ အရင်ကထက် ပိုလှည့်လာတယ်၊ ရပ်ကွက်တွေ၊ အိမ်တွေကိုလည်း ဝင်ဖမ်းတယ်၊ မိုးရေစက်လက်နဲ့ အပြင်ထွက်ထိုင်ခိုင်းတာ၊ ဖမ်းသွားတာတွေ ရှိတယ်”လို့ စစ်တွေမြို့မှာ နေထိုင်တဲ့အမျိုးသမီးတဦးက ပြောပါတယ်။
မြို့တွင်းကင်းလှည့်တဲ့အခါ စစ်ကောင်စီတပ်သားတွေအပြင် ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြီး ရပ်ကွက်တိုင်းရှိ လူနေအိမ်တွေကို ဝင်ရောက်စစ်ဆေး၊ ဖမ်းဆီးမှုတွေ လုပ်နေတာလို့ မြို့ခံတွေ ပြောကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကဆိုရင်လည်း စစ်တွေမြို့ ဘုရားကြီးကွင်းအနီး ရွာကြီးမြောက်ရပ်ကွက်မှ လူတရာကျော်ကို လမ်းပေါ်ထွက်ထိုင်ခိုင်းကာ အဲဒီထဲမှ လေးဆယ်ဝန်းကျင်ကို ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ စစ်တွေမြို့ကုန်တန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“မိုးလင်းကတည်းက ညနေအထိ ကားနဲ့ ပတ်သွားနေကြတာ နေ့တိုင်း၊ ဒီရက်ပိုင်း ပိုဆိုးလာတယ်၊ ဟိုဖက်(AA)နဲ့ အဆက်အစပ်ရှိသူတွေကို စစ်တယ်ပေ့ါ၊ မှတ်ပုံတင်မရှိတဲ့သူတွေ၊ ဧည့်စရင်းမရှိတဲ့သူတွေ၊ အမှန်က ရပ်ကွက်ထဲက လူတွေမှာလည်း မှတ်ပုံတင်မရှိကြတာ အများကြီး”လို့ စစ်တွေမြို့တွင်းသို့ အတင်းအကြပ်ပြောင်းရွေ့ခိုင်းစေခံခဲ့ရပြီး မြို့တွင်း ပိတ်မိနေတဲ့ စစ်တွေမြို့နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တွေမြို့အနီးပတ်လည်ရှိ ကျေးရွာပေါင်းတဆယ်ကျော်မှ ပြည်သူတွေကို မြို့တွင်းသို့ အတင်းအကြပ် ရွေ့ပြောင်းထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့ပတ်လည်ရွာအားလုံးမှာ စစ်စခန်းတွေချထားပြီး ပတ်လည် ချောင်းတလျှောက်မှာလည်း မိုင်းတွေ ထောင်ထားပါတယ်။
ဒါ့အပြင် မြို့တွင်းကျန်နေသေးတဲ့ ပြည်သူတွေကိုလည်း မြို့ပြင်ထွက်၊ တိမ်းရှောင်ခွင့် လုံး၀မပေးဘဲ ပိတ်လှောင်ထားပါတယ်။
“စစ်တွေမြို့ထဲက လေယာဉ်နဲ့ ရန်ကုန်သွားဖို့တောင် မလွယ်တော့ဘူး၊ ဝန်ထမ်းတွေဆိုရင် အထက်အရာရှိ ထောက်ခံမှပဲ ထွက်လို့ရတယ်”လို့ စစ်တွေမြို့နယ်မှ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ဒေသတွင်း တိုက်ပွဲတွေစကတည်းက စစ်တွေမြို့ကို အဝင်အထွက် ကန့်သတ်ခဲ့တာဖြစ်ပြီး မြို့တွေတခုပြီးတခုလက်လွှတ်လာရချိန်မှာတော့ ဝင်ထွက်ခွင့်လုံး၀မပေးတော့ဘဲ ပိတ်ထားခဲ့တာဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်လာရင်တောင်မှ လက်နက်ကိုင်ချင်းဖြစ်တာ ပြဿနာမရှိဘူး၊ ပြည်သူလူထုတွေ ကြားမှာ ညှပ်ပါသွားမှာ စိုးရိမ်တယ်။ လူထုတွေကို စစ်တပ်က လူသားဒိုင်းကာအ ဖြစ်လုပ်ထားတာ ရပ်ဖို့ပြောချင်တယ်၊ ထွက်ခွင့်ပေးဖို့လိုတယ်”လို့ စစ်တွေမြို့မှာ မိသားစုနဲ့အတူ ပိတ်မိနေတဲ့ အသက်ငါးဆယ် ကျော်အရွယ် အမျိုးသားတဦးက ပြောပါတယ်။
အခုအခါ စစ်တွေမြို့တွင်းမှာ လူဦးရေသုံးပုံတပုံလောက် ကျန်နေနိုင်နေသေးတယ်လို့ မြို့ခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။
ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်မြို့နယ် ဆယ်ခုကို သိမ်းထားပြီး ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ နယ်စပ်မြို့ မောင်တောကို အပြီးသတ်သိမ်းနိုင်ဖို့ ကြိုးစားနေပြီး ပြည်နယ်တောင်ပိုင်းရှိ ဂွ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း ထိုးစစ်တွေ တပြိုင်တည်း လုပ်နေပါတယ်။