တရုတ်သူလျှိုအဖြစ် စွပ်စွဲခံရတဲ့ ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်းကို အင်ဒိုနီးရှားမှာ ဖမ်းမိ

စက်တင်ဘာ၊ ၄

တရုတ် သူလျှိုအဖြစ် စွပ်စွဲခံရပြီး ဖိလစ်ပိုင် အစိုးရက အလိုရှိနေတဲ့ မြို့တော်ဝန်ဟောင်း အမျိုးသမီးဟာ အင်ဒိုနီးရှား နိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် တချို့တုန်းက နိုင်ငံကနေ တိတ်တဆိတ် ထွက်ပြေးသွားတဲ့ မြို့တော်ဝန်ဟောင်း အဲလစ်ဂေါင်ကို အပူတပြင်း ရှာဖွေနေခဲ့တာပါ။ သူဟာ ရာဇဝတ် မှုခင်းဆိုင်ရာ စွပ်စွဲချက်တွေအတွက် စစ်ဆေးခံနေရချိန် အတောအတွင်း ဇူလိုင်လတုန်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဂေါင်ရဲ့ ထွက်ပြေး လွတ်မြောက်သွားမှုဟာ ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပေါ်မှာလည်း အတော်လေး ဖိအားတွေ တိုးစေခဲ့ပါတယ်။ သူဟာ ဒေသတွင်း နိုင်ငံ တချို့ဆီ လှည့်လည် သွားလာပြီး ခြေရာဖျောက်ဖို့ ကြိုးစားခဲ့ပေမယ့် အခုသီတင်းပတ်ထဲမှာ အဖမ်းခံလိုက်ရတာပါ။

ဂေါင်ဟာ သူတာဝန်ယူ အုပ်ချုပ်ခဲ့ပြီး ဝက်မွေးမြူရေး လုပ်ငန်းတွေ အဓိက ထွန်းကားရာ ဘမ်ဘန်မြို့မှာ တရားမဝင် အွန်လိုင်း ကာစီနိုတွေ၊ ငွေလိမ်ဂိုဏ်းတွေနဲ့ လူမှောင်ခို လှုပ်ရှားမှုတွေကို အာဏာသုံးပြီး အကာအကွယ် ပေးခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

အင်ဒိုနီးရှား လွှတ်တော် အမတ်တွေက ဂေါင်ဟာ တရုတ်ဖက်မှာ ဂေါင်ဟွာပင်လို့ သိထားတဲ့ တရုတ်စပိုင် တဦးဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။ သူဟာ တရုတ်အတွက် ထောက်လှမ်းရေး အလုပ်တွေ လုပ်ရင်း အကျိုးစီးပွား အတွက်လည်း ဒုစရိုက်ဂိုဏ်းတွေကို အကာအကွယ်ပေးနေတာလို့ အမတ်တွေက ပြောပါတယ်။

မြို့တော်ဝန်ဟောင်းကတော့ သူ့အပေါ် တင်ထားတဲ့ စွပ်စွဲချက် မှန်သမျှကို ငြင်းဆိုပြီး ဘာအပြစ်မှ မရှိဘူးလို့ ခုခံ ပြောကြားထားပါတယ်။ ဂေါင်ဟာ တရုတ်နိုင်ငံသား ဖခင်နဲ့ ဖိလစ်ပိုင် မိခင်က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

ဂေါင်ဟာ ဖိလစ်ပိုင်ကနေတဆင့် မလေးရှားနဲ့ စင်ကာပူတို့ကို ကူးသွားပြီး ရေလမ်းခရီးနဲ့ အင်ဒိုနီးရှားထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ဂျကာတာမြို့တော် အနောက်ဖက် ဆင်ခြေဖုံးနားမှာ ဖမ်းမိခဲ့တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခုအခါမှာတော့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဟာ အင်ဒိုနီးရှား အရာရှိတွေနဲ့ ချိတ်ဆက်ပြီး မြို့တော်ဝန်ဟောင်းကို လက်လွှဲခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နှစ်ဖက် တင်းမာမှုတွေ သိသိသာသာ မြင့်တက်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

Ref: BBC