စက်တင်ဘာ၊ ၃
အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် မြန်မာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာက လေးစားပေးကြဖို့ အမျိုးသားညီ ညွတ်ရေး အစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောလိုက်ပါတယ်။
“ဒီယုံကြည်ချက်နဲ့အတူ ပြည်သူတရပ်လုံးဟာ အသက်တွေစွန့်၊ဘဝတွေစွန့်ပြီး ဒီကနေ့ထိ နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်”လို့ ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းကပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ရေး ကူညီကြိုးပမ်းမှုတွေကို ကျေးဇူးတင် ပေမယ့် အဲ့ဒိလို ကူညီဖို့ကြိုးစားရာမှာ ပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာပြီး လူထုကိုကိုယ်စားပြုတဲ့ တော် လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနှစ်ကြိမ်လုံးမှာ စစ်ရေးအသာစီးရထားပြီး စစ်ကောင်စီစိုးမိုး ဒေသတချို့ကို ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA ကို တရုတ်နိုင်ငံ ရွှေလီမြို့ နယ် အာ ဏာပိုင်အဆင့်ကနေ တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးလာတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန် NUG ဝန်ကြီးချုပ် က အခုလို ထုတ်ပြောလာတာပါ။
“တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့တနေ့ မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားက တိုင်းရင်းသားတွေအားလုံးဟာ ညှိ ညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ တိုင်းပြည်ကိုအကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် လည်းရှိပါတယ်”မန်းဝင်းခိုင်သန်းကဆိုပါတယ်။
NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လက်ရှိမြန်မာပြည်တွင်း ပဋိ ပက္ခတွေကို ကူညီဖြေရှင်းဖို့ကြိုးစားရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးဖို့အစဉ် တစိုက်တောင်းဆိုနေပေမယ့် တရုတ်၊ထိုင်း၊အိန္ဒိယစတဲ့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ပိုပြီး နီးနီးကပ် ကပ်ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ် ခုခံတော်လှန်တိုက်ခိုက်မှုတွေကို သိသိသာသာပိုမို အားကောင်းသွားစေတဲ့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာချိန် ရှမ်းမြောက် တိုက်ပွဲတွေ ရပ်ဖို့ တရုတ်ဘက်ကတော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးမှုတွေရှိနေတယ်ဆိုတာကြောင့် ဆန့်ကျင် ကန့်ကွက်မှုလည်းပေါ်ပေါက်နေပါတယ်။
အထူးသဖြင့် TNLA ကိုတိုက်ပွဲတွေရပ်ဖို့ တရုတ်နိုင်ငံ ရွှေလီမြို့နယ် အာဏာပိုင်တွေက စာပေးပို့ခြိမ်းခြောက်သတိ ပေးတဲ့ ဖြစ်ရပ်အပြီး တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်း အချုပ်အခြာအာဏာကိုပါ ထိပါးလာတယ်လို့ NUCC၊ GSCB စတဲ့အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ဝေဖန်ထားကြပါတယ်။
NUG ဝန်ကြီးချုပ်ကလည်း အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံရဲ့ အချုပ်အ ခြာအာဏာကိုလေးစားကာ မြန်မာ့အရေး ဝိုင်းဝန်းကူညီပေးအောင် တိုက်တွန်းပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာ နကို ဒီကနေ့အစည်းအဝေးမှာပြောပါတယ်။
ဒါ့အပြင် NUG အုပ်ချုပ်ရေးယန္တရားထဲက တာဝန်ရှိသူတချို့လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်တာ၊လက်နက်အားကိုးပြီး ပြည်သူတွေအပေါ် နိုင့်ထက်စီးနင်းလုပ်တာတွေကိုပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း မန်းဝင်းခိုင် သန်းက သတိပေးပြောဆိုပါတယ်။
မန်းဝင်းခိုင်သန်းဟာ NUG ကဖွဲ့စည်းထားတဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ ဥက္ကဌတာဝန်ယူထားသူလည်းဖြစ်ပါတယ်။
“ပြည်သူ့အင်အားနဲ့သွားနေတဲ့တော်လှန်ရေးမှာ တော်လှန်ရေးတာဝန်ယူထားကြတဲ့ တာဝန်ရှိသူတွေက အာဏာ ပြအနိုင်ကျင့်တာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး”လို့ သူကဆိုပါတယ်။