တရုတ်ဖိအားကြောင့် TNLA ထိုးစစ် ရပ်သွားမလား

Photo – TNLA/ AP

စက်တင်ဘာ၊ ၁

မြန်မာပြည် မြောက်ပိုင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တရုတ်ဘက် ကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကို သတိပေးအကြောင်းကြားလာပြီးနောက် TNLA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဘယ်လိုအနေအထား ရောက်သွားမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့် မှုတွေ ရှိနေပါတယ်။ 

တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ဆီ သြဂုတ်လ ၂၉ ရက် ရက်စွဲနဲ့ အကြောင်းကြား စာပေးပို့ထားတာဖြစ်ပြီး တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်၊ ပစ္စည်းဥစ္စာ လုံ ခြုံရေးအတွက် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။ 

သတိပေးမှုကို လိုက်မနာဘဲ တိုက်ပွဲတွေ ဆက်ရှိနေမယ်ဆိုပါက သူတို့အနေနဲ့ ကြောက်ရွံ့အောင် ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို သုံးသွားမယ်လို့လည်း တရုတ်ဘက်ကနေ TNLA ကို ပြင်းထန်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ သတိပေးထားပါတယ်။ 

“တော်တော်တော့ သံတမန်နည်းမကျတဲ့၊ တော်တော်ရိုင်းပျတဲ့ ခြိမ်းခြောက်မှုပါ၊ ဒါပေမယ့် အဲလို ခြိမ်းခြောက် တာဟာ TNLA တခုတည်းမဟုတ်ပါဘူး”လို့ ဝါရင့် စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးသန်းစိုးနိုင်က တရုတ်ရဲ့ သတိ ပေးမှုအပေါ် မှတ်ချက်ပြုပါတယ်။ 

ဦးသန်းစိုးနိုင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)မှာ တပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်း နှစ်ဆယ်ကျော် တာဝန်ထမ်း ဆောင်ခဲ့ပြီး ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ တိုက်ပွဲဝင်ဖူးသလို စစ်ရေး၊ နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါး တွေ လည်း ရေးသားထုတ်ဝေခဲ့သူတဦးပါ။ 

TNLA အပြင် တရုတ်နယ်စပ်တလျှောက်မှာရှိတဲ့ ကချင်တပ် KIA၊ ‘ဝ’ တပ် UWSA ၊ ကိုးကန့်တပ် MNDAA နဲ့ မိုင်းလားအဖွဲ့ NDAA တို့လို တိုင်းရင်းသားလက်နက်ကိုင်တွေလည်း တရုတ်ရဲ့ ဖိအားပေးမှုကို ခံနေကြရပြီး အ ထူးသဖြင့် မြန်မာပြည်တွင်းက နွေဦးတော်လှန်ရေးအင်အားစုတွေထံ စစ်လက်နက်ပစ္စည်းတွေ စီးဆင်းနေမှုကို ပိတ်ဆို့ဖို့ ဖိအားပေးခံနေရတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

TNLA အပေါ် တရုတ်ရဲ့ အခုလို သတိပေးမှုဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ လက်ရှိ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေတို့ နေပြည် တော်မှာ တွေ့ဆုံမှုအပြီး နှစ်ပတ်ကျော်အကြာမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်နဲ့ မစ္စတာ ဝမ်ယိတို့ရဲ့ အဲဒီတွေ့ဆုံမှုအကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ရှမ်းမြောက်မှာ TNLA အပါအဝင် မဟာမိတ်တပ်တွေရဲ့ တိုက်ပွဲတွေကို မစ္စတာ ဝမ်ယိက ဆန့်ကျင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးနောက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက် ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သွားတက်တဲ့ မစ္စတာ ဝမ်ယိအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်က သတ်မှတ်ထားတဲ့ စည်းသုံးစည်းကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

“စည်းသုံးစည်းထဲကပြည်တွင်းစစ်မဖြစ်ရေးဆိုတဲ့  ပထမစည်းကို လက်တွေ့အကောင်ထည်ဖော်တာပါ၊ သဘော ထားကတော့ ဝမ်ယိရဲ့ သဘောထားကို အကောင်ထည်ဖော်တာပါပဲ” လို့လည်း တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးလာ တဲ့အပေါ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။ 

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံပွဲမှာ မစ္စတာ ဝမ်ယိ ပြော ကြားခဲ့တဲ့ မြန်မာ့အရေး စည်းသုံးစည်းကတော့ မြန်မာပြည်မှာ ပြည်တွင်းစစ် မဖြစ်ဖို့၊ မြန်မာ့အရေး အာဆီယံရဲ့ လမ်းကြောင်းကနေ မကင်းကွာဖို့နဲ့ ပြင်ပအင်အားစုတွေ ထင်သလို ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဖို့တို့ ဖြစ် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

TNLA ကို တိုက်ပွဲရပ်ဖို့ သတိပေးတဲ့ အကြောင်းကြားစာကိုတော့ တရုတ်နိုင်ငံရဲ့ ဗဟိုအစိုးရ၊ TNLA စစ်ရေး လှုပ်ရှားရာ မြန်ဘက်ခြမ်းဒေသတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်အစိုးရ အဆင့်တွေကနေ ပေးပို့လာတာ မ ဟုတ်ဘဲ မြို့နယ်အဆင့်လောက်သာရှိတဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးပို့လာတာဖြစ်ပါတယ်။ 

ဒါကြောင့် တရုတ်အစိုးရရဲ့ တရားဝင် သဘောထားဟုတ်မဟုတ်ကစလို့ TNLA ဆီပေးပို့ခဲ့တယ်ဆိုတဲ့ အဲ့ဒီသတိ ပေးခြိမ်းခြောက်စာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတဲ့ ဆွေးနွေးချက်တွေ လက်ရှိအချိန်အထိ ထွက်ပေါ်နေပါ သေးတယ်။

ဒါပေမယ့် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ တိုက်ပွဲတွေရပ်ဖို့ တရုတ်နိုင်ငံရဲ့ သတိပေးအကြောင်း ကြားမှုကိုရရှိထားပြီး ဗဟိုကော်မတီတွင်းဆွေးနွေးမှုတွေလုပ်နေတယ်လို့ DNAကိုအတည်ပြုပြောထားပါတယ်။

“ရွှေလီကနေ လုပ်တယ်ဆိုတာက မူဆယ်ကို အဓိက ဦးတည်တာပါ၊ အဲဒီမှာ စစ်မဖြစ်ပါနဲ့ စစ်ဖြစ်လာလို့ရှိရင် ဒဏ်ပေးမယ်ဆိုပြီးတော့ ခြိမ်းခြောက်စာပို့လိုက်တာပါ၊ ဒါပေမယ့် အဲဒါဟာ တရုတ်ရဲ့သဘောထားဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လက်ရှိကာလ စစ်ရေးသုံးသပ်ချက်တွေကို အစဥ်တစိုက်ရေးသားနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အဲဒီ သတိပေးမှုဟာ တရုတ်အစိုးရရဲ့ သဘောထားပဲဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။ 

 “အဖေမပေးဘူး သား သွားပေးလိုက်ဆိုတဲ့ အဆင့်အတန်းမျိုး၊ ပြီးရင် နှိမ့်ချပြီး ဆက်ဆံတဲ့ အနေအထားမျိုး ရှိတယ်” လို့ TNLA ဆီ ရွှေလီအာဏာပိုင်အဆင့်ကနေစာပေးပို့လာတဲ့အပေါ် ဗိုလ်ကြီးဇင်ယော်ကသုံးသပ် ပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီဘက်ခြမ်းမှာ တရုတ်စစ်တပ်ရဲ့ ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပါဝင်တဲ့ သုံးရက်တာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခါနီးမှာပဲ အခုလို သတိပေးအကြောင်းကြားလာခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ တကျော့ပြန်စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA အပါအဝင် မဟာမိတ် တပ်တွေက ရှမ်းမြောက်မှာ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကိုသိမ်းပိုက်ရ ရှိထားပြီး ပြင်ဦးလွင်ကိုခြိမ်းခြောက်နိုင်တဲ့ တောင်ခမ်းအခြေစိုက်တပ်တွေနဲ့ သီပေါမြို့တွေ ကိုလည်းဆက် လက် ထိုးစစ်ဆင်နေပါတယ်။

အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့နဲ့ စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မြို့အထိ TNLA ဦးဆောင် တဲ့ တပ်တွေရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေရှိလာနေတဲ့အချိန် အခုလို တိုက်ပွဲရပ်ဖို့ ဖိအားပေးခံလာ ရတာဖြစ် ပါတယ်။ 

တရုတ်ဘက်ကနေ အခုလို ဖိအားပေးလာတာနဲ့ ပတ်သက်ပြီး ဘယ်လို စီစဥ်ဆောင်ရွက်မလဲဆိုတာကိုတော့ TNLA ဘက်က ထုတ်ပြောထားတာမရှိသေးပါဘူး။ 

တရုတ်ဘက်က ပေးပို့ထားတဲ့ အကြောင်းကြာစာမှာတော့ သူတို့အနေနဲ့ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလု ပ်ငန်းစဥ်တွေအတွက် အပြုသဘော ဆောင်တဲ့ ကဏ္ဍကနေပါဝင်မှာဖြစ်ပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီး ပွားရရှိရေး၊ ကျန်းမာစွာနေထိုင်နိုင်ရေး အကောင်ထည်ဖော်မှုတွေအတွက် TNLA ကို ကူညီမယ်လို့ ဆိုထားပါ တယ်။ 

TNLA အပေါ် အခုလို သတိပေးတာနဲ့ ပတ်သက်ပြီး AFP သတင်းထောက်ရဲ့ မေးမြန်းမှုအပေါ်ကိုတော့ တရုတ် နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mr Lin Jian က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေကို ဂရုတစိုက် ဆွေးနွေးဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်ဆောင်နေကြောင်းသာ တုံ့ပြန်ထားပါတယ်။  

တရုတ်အစိုးရအနေနဲ့ အခုတကြိမ်မတိုင်ခင် အရင်ကလည်း တိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားမှုတွေ ရှိနေတယ်လို့ TNLA ခေါင်းဆောင်ပိုင်းက ထုတ်ပြောဖူးပါတယ်။ 

သုံးသပ်သူတွေကတော့ တရုတ်ရဲ့ အခုလိုဖိအားပေးမှုရှိပေမယ့် TNLA ဘက်ကတော့ တဖက်သတ် တိုက်ပွဲတွေ ရပ်တန့်မယ့် အနေအထားမရှိဘူးလို့ ဆိုကြပါတယ်။ 

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA အတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားခဲ့တဲ့ဖွင့်ဟမှုဟာ တော်လှန်ရေးထောက်ခံသူတွေကြားလူသိများပါတယ်။ 

“ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်းမဟုတ်၊ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးနေတာ မဟုတ်”လို့ တာဘုန်းကျော်ကဆိုထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယောက်မှာလည်း အလားတူ ရှုမြင်ချက်မျိုးရှိနေပါတယ်။

“စစ်ပွဲတပွဲရပ်ဖို့ဆိုတာက အရှေ့မှာ တပ်ဖွဲ့ဝင်ပေါင်းများစွာပေါ့နော် အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ထားရ တာဆိုတော့ ချက်ချင်းရပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ လက်ရှိ ရည်မှန်းချက်နေရာတွေကိုတော့ အပြီးအစီး တော့ လုပ်သွားကြအုံးမယ်လို့ မြင်ပါတယ်” လို့ သူကပြောပါတယ်။

အလားတူ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကလည်း တရုတ်ဖိအားကြောင့် TNLA နဲ့မဟာမိတ်တွေရဲ့ ထိုးစစ်တွေရပ်ဆိုင်းသွားမယ်လို့ မမြင်တဲ့အကြောင်းအခုလိုပြောပါတယ်။

“TNLA က ရှမ်းမြောက်တခုလုံးမှာ မြို့နယ် တဒါဇင်လောက်သိမ်းပြီးတော့ လွတ်မြောက်တဲ့ နယ်မြေတွေ ထူ ထောင်ထားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အခုကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ထူထောင်ပြီးတော့ မကြာခင် သူတို့ ဒေသဆိုင်ရာ အစိုးရ ဖွဲ့စည်းမယ့်အနေအထားပါ၊ အဲတော့ ဒီသက်ရောက်မှုက စစ်ရပ်ဆိုတိုင်း ရပ်မယ်ဆိုတဲ့ သ ဘောရှိတယ်လို့ ကျနော်ကတော့ မမြင်ပါဘူး” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်နဲ့ မိုင်းလုံ စတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးလည်ပတ်နေသလို လက်ရှိ ထပ်မံသိမ်းပိုက်ရရှိထားတဲ့ မိုးမိတ်၊ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေမှာလည်း သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေ တာဖြစ် ပါတယ်။ 

စစ်ကောင်စီက မြန်မာပြည်တွင်း ပဋိပက္ခတွေ ရပ်စဲဖို့ TNLA အပေါ် အခုလို တရုတ်နိုင်ငံကတဆင့် ဖိအားပေ းဖို့ကြိုပမ်းနေပေမယ့် စစ်ကောင်စီရဲ့ တိုက်ခိုက်နေမှုတွေနဲ့ ပတ်သက်လို့ကတော့ တရုတ်အစိုးရအနေနဲ့ဘယ်လို သဘောထားရှိလဲဆိုတာ အတိအကျမသိရပါဘူး။ 

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အနေနဲ့ မြန်မာပြည်တွင်း တိုက်ပွဲတွေ ရပ် တန့်နိုင်ဖို့ စစ်ကောင်စီဘက်ကိုလည်း စည်းရုံးပြောဆိုတာတွေ ရှိလိမ့်မယ်လို့ People’s Spring မီဒီယာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောထားပါတယ်။ 

“ကျွန်မကြည့်တာတော့ ဒီလိုဗျ၊တရုတ်ပြည်ကလည်း သူ့ရဲ့မဟာဗျူဟာအရ ဗမာပြည်မှာ စစ်ပွဲတွေ ရပ်ပြီးတော့ အားလုံး ငြိမ်းချမ်းတဲ့စားပွဲပေါ်ရောက်ရေးကို တွန်းနေတာဖြစ်တော့ နည်းလမ်းပေါင်းစုံ သုံးနေတယ်နဲ့ တူပါတယ်” လို့ TNLA အပေါ် တရုတ်က ဖိအားပေးတာနဲ့ပတ်သက်ပြီး ဒေါက်တာလှကျော်ဇော်က ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ မှာ စတင်ခဲ့တဲ့ TNLA၊ MNDAA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်မြန်မာနယ်စပ်နဲ့ တအာင်းဒေသက မြို့ပေါင်း ၁၇ မြို့ကိုသိမ်းပိုက်ပြီးချိန်တရုတ် အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ညမှာ ယာယီအပစ်ရပ်ခဲ့တာဖြစ်ပါတယ်။ 

TNLA အနေနဲ့ကတော့ အခုလို တိုက်ပွဲရပ်ဖို့ သတိပေးမှုကို မလိုက်နာရင် တရုတ်ရဲ့ ဖိနှိပ်မှုတွေကို ခံလာရနိုင် ချေလည်း ရှိနေပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့မှုရှိတဲ့ ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာ မိုင်းအနိုင်ကတော့ တရုတ်အနေနဲ့ သူသတိပေးတာကို မလိုက်နာရင် TNLA ထိန်းချုပ်ဒေသတွေထဲကို သူတို့ကုန် စည်တွေ စီးဆင်းနေမှုကို ပိတ်ဆို့တားဆီးတာမျိုးလုပ်လာနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာသုံးသပ် ရေး သားထားပါတယ်။ 

“လက်ရှိ စကစဘက်က ဒီဘက်ကို ကုန်ပစ္စည်းတင်သွင်းခွင့် မပေးလို့ တရုတ်ပစ္စည်း၊တရုတ်စက်သုံးဆီတွေကို တအာင်းတပ်ဘက်က အားကိုးနေရတယ်ဆိုတာ တရုတ်သိပြီးဖြစ်ပါတယ်။ ဒါကို သူပိတ်ပါလိမ့်မယ်”သူက ဆိုထားပါတယ်။ 

ဒါ့အပြင် တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲက သူ သြဇာညောင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုနဲ့ TNLA ကြား ပဋိပက္ခ ဖြစ်အောင် ​ဖန်တီးတာမျိုးလည်း လုပ်လာနိုင်ပြီး အဲလိုလုပ်ဖို့ကတော့ ဖြစ်နိုင်ချေနည်းတယ်လို့ မိုင်းအနိုင်က ဆိုထားပါတယ်။ 

TNLA ကတော့ တိုက်ပွဲရပ်ဖို့ တရုတ်ဘက်က အကြောင်းကြားလာပြီး နောက်တရက် သြဂုတ်လ ၃၀ ရက်နေ့ အထိတော့ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာဘက်မှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်ရင်းတွေနဲ့ သီပေါမြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိနေခဲ့ပါတယ်။ 

“တရုတ်(နယ်စပ်)ဘက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့ကတော့ တရုတ်ရဲ့ ဖိအားပေးမှုကို တိုက် ရိုက်ရင်ဆိုင်နိုင်ဖို့တော့ ခက်ခဲတယ်၊ ကြိုတင်ပြင်ဆင်မှုတွေ နည်းဗျူဟာ အပြောင်းအလဲတွေတော့ လုပ်လာလိမ့် မယ်လို့ မှန်းဆရပါတယ်”လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။