နောင်ချိုမြို့သိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ခြောက်ရာကျော်ရ

Photo – TNLA
ဇူလိုင်၊ ၁၀
 
စစ်ကောင်စီရဲ့ ၆၀၆ ဒုံးတပ်ရင်း အပါအဝင် နောင်ချိုမြို့အခြေစိုက်တပ်ရင်း သုံးခုနဲ့ တခြားစခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း အတွဲလိုက်ပစ်ဒုံး၊ လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက် မျိုးစုံခြောက်ရာကျော်ရခဲ့တယ်လို့ တအာင်းတပ် TNLA ကအသိပေးပါတယ်။
 
နောင်ချိုအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ-၁၁၄၊ခမရ-၁၁၅၊ ဒုံးတရ – ၆၀၆တပ်ရင်းတွေနဲ့ အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံ၊ ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေအားလုံးကို TNLA ပူးပေါင်းတပ်က ထိုးစစ်စအပြီး ၁၆ရက်အကြာမှာ အလုံးစုံ သိမ်းပိုက်ခဲ့တာပါ။
 
နောင်ချိုမှာ နောက်ဆုံးလက်ကျန်ခံတပ်ဖြစ်ခဲ့တဲ့ ၆၀၆ ဒုံးတပ်ရင်းသိမ်းပိုက်မှုမှာတော့ အတွဲလိုက်ပစ်ဒုံး လက် နက် ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် (၂)လက်၊ Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ 60 MM (၁၅)လက်၊ 80 MM (၂)လက်၊ ဆလက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံပါဝင်တယ် လို့သိရပါတယ်။
 
နောင်ချိုတိုက်ပွဲကာလအတွင်း ဒေသခံ အရပ်သားဆယ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရတယ်လို့လည်း TNLA ထုတ် ပြန်ချက်မှာဖော်ပြပါတယ်။ အဲ့ဒီအရပ်သားတွေဟာ စစ်ကောင်စီက အရပ်ဖက်ကိုပစ်မှတ်ထား တိုက်ခိုက်တာကြောင့် သေဆုံးထိခိုက်ကြတာလို့လည်းဆိုပါတယ်။
 
ဒါ့အပြင် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း၊လူနေအိမ် ကိုးလုံးလည်း ထိခိုက်ပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။