လေးကေကော်က လက်ကျန်စစ်ကောင်စီအမြောက်ကုန်းပိတ်ဆို့တိုက်ခိုက်ခံနေရ

Photo – Cobra Column (ပုံဟောင်း)

ဩဂုတ်၊ ၂၉

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့အနီးက စစ်ကောင်စီရဲ့ တခုတည်းသောလက် ကျန်စခန်းဖြစ်တဲ့ အမြောက်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လပိုင်းကြာ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ရိက္ခာပြတ်လပ်နေတဲ့ အခြေအနေလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

“အကုန်လုံးတော့ စိစိညက်ညက်ကြေနေပြီသူတို့ရိက္ခာလည်း ပြတ်တယ်။SOLAR လည်းပျက်သွားတယ်၊Jammer လည်းပျက်သွားတယ်။အဲ့လိုတော့ရှိတယ်”လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။

စွယ်တော်ကုန်းလို့လည်း လူသိများတဲ့ အဲ့ဒီစစ်ကောင်စီအမြောက်စခန်း ပိတ်ဆို့တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတုံ့ပြန်ပစ်ခတ်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

“(ပိတ်ဆို့ထားတာ)လေးလလောက်တော့ရှိပြီ။ပြီးခဲ့တဲ့တလလောက် တည်းက ဆိုလာရော၊Jammer ရောပျက် တယ်၊အခုရေစပြတ်တယ်၊မိုးမရွာဘူးဆိုရင်တော့ ဒီကောင်တွေကြာကြာမခံနိုင်ဘူး”လို့ အထက်ပါ တော်လှန်ရေး သတင်းရင်းမြစ်ကပြောပါတယ်။

ကရင်ပြည်နယ် အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ KIC မှာဖော်ပြထားချက်အရ လေးကေကော်မြို့သစ်နေရာကို  KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြန်လည်ထိန်းချုပ်ကာ စစ်ကောင်စီအမြောက်ကုန်းကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစခန်းကိုတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတာအပြင်၊ စနိုက်ပါနဲ့  ပစ်ခတ်တိုက်ခိုက်တာတွေပါလုပ်နေတာလို့ဆိုပါတယ်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ KNU နဲ့ ပြည်နယ်အစိုးရတို့ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ လေးကေကော် မြို့သစ်မှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အဲ့ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့ထဲ ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်လာတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို လေးကေကော်ဒေသကိုလည်း စစ်ကောင်စီက ထိန်းချုပ်ခဲ့ပါတယ်။အခုနှစ် ဧပြီလအတွင်း မြဝတီမြို့တဝိုက် မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေရှိ လာ တဲ့နောက် လေးကေကော်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေပြန်လည်အခြေချထိန်းချုပ်ဖို့ကြိုးစားလာ တာ ဖြစ်ပါတယ်။

မြဝတီမြို့အနီးက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းအပါအဝင် စစ်အုပ်စုတပ်စွဲတဲ့နေရာတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ KNLA ပူးပေါင်းတပ်တွေဟာ မြဝတီမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲခဲ့ပေမယ့် လက်ရှိမှာစစ်ကောင်စီနဲ့ BGF တွေကပဲ မြို့ကိုထိန်းချုပ်ထားပါတယ်။

မြဝတီမြို့သိမ်းတိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မြဝတီကိုဦးတည်စေလွှတ်ခဲ့တဲ့ နာမည်ကျော် အောင်ဇေယျစစ်ဆင်ရေးဟာလည်း လမ်းခုလတ် ဒေါနတောင်ကြောပေါ်မှာပဲ လနဲ့ချီသောင်တင် နေ ခဲ့တဲ့နောက် ဇူလိုင်လကုန်ပိုင်းမှာ တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။