အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေ့စဉ်ပျမ်းမျှ အရပ်သားငါးဦးနှုန်းလောက်သေဆုံးထိ ခိုက်နေ

Photo – Social Media (မြင်းမူ မြို့နယ်မှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီကဒေသခံတွေကိုအစုအပြုံလိုက်သတ်ဖြတ်ခဲ့တဲ့မြင်ကွင်း)

ဩဂုတ်၊ ၂၈

လက်ရှိ ၂၀၂၄ခုနှစ် နှစ်ဆန်းကနေ ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်ပျမ်းမျှ အရပ်သားငါးဦးနှုန်းလောက် သေဆုံးထိခိုက်မှုတွေရှိနေတယ်လို့ Data For Myanmar အဖွဲ့ရဲ့ အချက်အလက်တွေအရသိရပါတယ်။

အခုနှစ် ဇန်နဝါရီ၁ရက်ကနေ ဇူလိုင်လကုန်အထိ ခုနစ်လတာကာလ စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်မှုတွေ ကြောင့် အရပ်သား ၄၉၉ဦးသေဆုံးကာ ၄၆၄ ဦးဒဏ်ရာရခဲ့ကြတယ်လို့ အာဏာသိမ်းပြီးနောက် အကြမ်းဖက်တိုက် ခိုက်မှုတွေကိုလေ့လာစောင့်ကြည့်နေတဲ့ Data For Myanmar အဖွဲ့ကဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ခုနစ်လအတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် လစဉ် အရပ်သား ခုနစ်ဆယ်ကျော် သေဆုံးကာ ၆၆ဦးနှုန်းလောက် ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သဘောဖြစ်ပါတယ်။ ဒီအချက်အလက် အရ နေ့စဉ် ပျမ်းမျှ အရပ်သား ၂ဒသမ၅ဦးသေဆုံးပြီး ၂ဒသမ၂ဦးလောက် ဒဏ်ရာရနေကြတာလည်းဖြစ်ပါတယ်။

အရပ်သားတွေအခုလို သေဆုံး၊ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ လေကြောင်းတိုက်ခိုက်မှု ၊လက်နက်ကြီး၊ဒရုန်းနဲ့ပစ်ခတ်မှု၊မိုင်းထိတာ၊အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေဖြစ်တယ်လို့လည်း Data For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။

အဲ့ဒီ သေဆုံးသူစုစုပေါင်းရဲ့ လေးပုံတပုံနီးပါး ပမာဏ ၁၀၆ဦးဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရ တာပါ။အလားတူ ထိခိုက်ဒဏ်ရာရခဲ့သူအားလုံးရဲ့  သုံးပုံတပုံကျော် ပမာဏ ၁၉၀ဦးဟာလည်း လေကြောင်းတိုက် ခိုက်မှုတွေကြောင့် ဒဏ်ရာရခဲ့သူတွေပါ။

သေဆုံးသွားတဲ့ အရပ်သားတွေထဲက ထက်ဝက်ကျော် ၆၀ရာခိုင်နှုန်းနီးပါးလောက်ဟာ အသက် ၁၈နှစ်နဲ့အထက် အမျိုးသားတွေဖြစ်ကာ အမျိုးသမီးနဲ့ ကလေးသူငယ်ကတော့ ၃၁ရာခိုင်နှုန်းအထိပါဝင်ပါတယ်။

စုစုပေါင်းခရိုင် ၁၁ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တခုတို့ပါဝင်တဲ့ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ခုနစ်လအတွင်း ကလေး၊မုံရွာ၊ရွှေဘိုနဲ့ စစ်ကိုင်းခရိုင်တို့ဟာ အရပ်သားသေဆုံးမှုအများဆုံး ဒေသတွေဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၃၄၉ဦးအထိရှိခဲ့တာပါ။

အဲ့ဒီခရိုင်ဒေသတွေထဲမှာ ကလေး၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ အရာတော်၊ ချောင်းဦး၊ ဘုတလင်၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို ၊ဝက်လက်၊ တန့်ဆည်၊ ရေဦး၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်စတဲ့မြို့နယ်တွေပါဝင်ပါတယ်။

ဒီမြို့နယ်တွေဟာ စစ်ကောင်စီ တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေအားကောင်းသလို စစ်ကောင်စီ တပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့မှု၊လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို မကြာမကြာကြုံနေရ တဲ့ မြို့နယ်တွေလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၃ခုမှာ အရပ်သားသေဆုံးမှုဖြစ်စေတဲ့ အကြမ်းဖက် ဖြစ်စဉ် ၂၇ခုဖြစ်ခဲ့ကာ သေဆုံးသူ ၄၃ဦး၊ဒဏ်ရာရသူ ၃၆ဦးရှိခဲ့တယ်လို့ Data For Myanmar က ဖော်ပြထားပါ တယ်။

ဇူလိုင်လအတွင်း သေဆုံးသူတွေထဲက ၁၆ဦးဟာ လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သေ ဆုံးခဲ့ရကာ လက်နက်ကိုင်အဖွဲံအစည်းတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၅ဦး၊လုပ်ကြံသတ် ဖြတ် ခံရသူ တဦး၊ညှင်းပန်းနှိပ်စက်မှုကြောင့်သေဆုံးသူ တဦးတို့ပါဝင်တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့မှတ်တမ်းတွေမှာတော့ ၂၀၂၁ခုနှစ် စစ်အာဏာ သိမ်းချိန်ကနေ မနေ့ကအထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးတဲ့ ပြည်သူ ၅၅၇၀ဦးရှိနေပြီး ၂၇,၀၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။