ရခိုင်တောင်ပိုင်းမှာ AAထိုးစစ်ကို ရေတပ်အကူအညီနဲ့ ခုခံနေရတဲ့ စစ်ကောင်စီ

Photo – AA Info Desk

သြဂုတ်၊ ၂၇

အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်နေတဲ့ ရခိုင်တောင်ပိုင်းသံတွဲနဲ့ ဂွမြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီဖက်က ရေတပ်အင်အားအလုံးအရင်းအကူအညီနဲ့ခုခံနေရပါတယ်။

သံတွဲမြို့နယ်မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ AAက သြဂုတ်လ၂၆ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဖက်က စစ်သင်္ဘော (၈) စီးနဲ့ ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်၊ လူအင်အား ဖြည့်တင်းနေပြီး စစ်သင်္ဘောတွေပေါ်မှ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။

သံတွဲနဲ့ဂွမြို့နယ်အနီး ပင်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ AAက ပြီးခဲ့တဲ့သြဂုတ်လ၁ရက်စွဲနဲ့လည်းထုတ်ပြန်သတိပေးထားပါတယ်။

နာမည်ကျော်ခရီးသွားဒေသ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်စခန်းအားလုံး၊ငပလီမဇင်လေဆိပ်၊ဟိုတယ်ဇုန်နဲ့ ဒေသနေရာအများစုကို AAက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ထားခဲ့တာပါ။

လက်ရှိမှာတော့ သံတွဲမြို့နယ်အတွင်း နောက်ဆုံးလက်ကျန်စစ်ကောင်စီရဲ့မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

 သံတွဲမြို့ နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ ကပ်ရပ်မှာရှိတဲ့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး  ဂွမြို့နယ် ကျိန္တလီမြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၅) လက်အောက်ခံ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တို့ အခြေစိုက်ထားတဲ့ ဂွမြို့နယ်မှာလည်း စစ်ကောင်စီတပ် အင်အားတိုးချတာတွေ လုပ်နေပြီး ဧရာ၀တီတိုင်း ရေနံသာ – ဂွလမ်းတလျှောက်နဲ့ ဂွ – ကျိန္တလီလမ်းတလျှောက်တို့မှာလည်း ရှေ့တန်းတပ်စခန်း ဆယ်ချီ ထပ်ချထားတာတွေ့ရတယ်လို့ ဒေသခံတွေက DNAကိုပြောထားပါတယ်။

ရခိုင်တောင်ပိုင်းကို သိမ်းပိုက်ပြီးရင်တော့ AAရဲ့ထိုးစစ်က ရိုးမအရှေ့ခြမ်းဒေသတွေကို ဦးတည်လာနိုင်တယ်လို့လည်းစစ်ရေးအကဲခတ်တွေကသုံးသပ်ထားတာပါ။

ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့နယ်နဲ့ ဧရာဝတီတိုင်းငသိုင်းချောင်းမြို့က ၅၃မိုင်လောက်သာကွာဝေးတာဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးခုကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီးဖြစ်တဲ့ AA ဟာ ရခိုင်ရှိ ကျန်မြို့နယ်အားလုံးကိုပါ သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။