သမ္မတ ဖြစ်လာရင် အီလွန်မတ်စ်ခ်ကို အစိုးရ အဖွဲ့ထဲမှာ ခန့်အပ်ချင်တယ်လို့ ထရမ့်ပြော

ဩဂုတ်၊ ၂၆

သူသာ အမေရိကန် သမ္မတ ပြန်ဖြစ်လာရင် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်ကို အစိုးရ အဖွဲ့ထဲမှာ ခန့်အပ်ထားချင်တယ်လို့ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ကိုယ်တိုင်က ဘီလီယံနာ သူဌေးကြီး တဦးဖြစ်ပြီး အမေရိကန် သမ္မတ ရာထူးမှာ ၄ နှစ်ကြာ တာဝန်ယူဖူးတဲ့ ထရမ့်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူဟာ ပြိုင်ဘက်ဖြစ်သူ ကာမာလာ ဟားရစ်ကို ကျော်ဖြတ်ပြီး အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိမယ်ဆိုရင် Tesla လျှပ်စစ်ကား ကုမ္ပဏီနဲ့ လူမှုကွန်ရက် မီဒီယာ Xလို နည်းပညာ လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ မတ်စ်ခ်ကို အစိုးရ အဖွဲ့ထဲ ခေါ်ထားချင်တယ်လို့ ထရမ့်က The Shawn Ryan Show အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

အစီအစဉ်မှူး ရှောင်ရိုင်ယန်နဲ့ အင်တာဗျူးထားတဲ့ အဲဒီ အပိုင်းကို လတ်တလောမှာတော့ မထုတ်လွှင့်ရသေးပါဘူး။ မတ်စ်ခ်ကို အစိုးရ အဖွဲ့ထဲမှာ နေရာပေး ခန့်အပ်ဖို့က သူ့ရဲ့ စိတ်ကူးဖြစ်ကြောင်း၊ ဒါပေမဲ့ မတ်စ်ခ်မှာက ကိုယ်ပိုင် အလုပ်တွေနဲ့ အရမ်းရှုပ်ထွေးနေတော့ အဲဒီကိစ္စကို လက်ခံနိုင်မလား ဆိုတာ မသေချာကြောင်း ထရမ့်က ဆိုပါတယ်။

မတ်စ်ခ်က ဦးဆောင်ရတဲ့ လုပ်ငန်းတွေ များလွန်းပြီး အစိုးရ တာဝန်တွေကို ယူနိုင်ပါ့မလား ဆိုတာကို အတပ်မပြောတတ်ကြောင်း၊ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ မတ်စ်ခ်ကို အစိုးရ အဖွဲ့ဝင် ရာထူးတနေရာ ကမ်းလှမ်းဖို့ အမြဲတမ်း စိတ်ကူးရှိနေကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။

သူက မတ်စ်ခ်လို ပုဂ္ဂိုလ်မျိုးဟာ ဉာဏ်ရည်တု (AI)လို နည်းပညာလို အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ထိရောက်တဲ့ အကြံတွေ ပေးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ အမေရိကန်ဟာ AI နည်းပညာကို ပိုင်ပိုင်နိုင်နိုင် ဦးဆောင် တည်ဆောက်ပြတာမျိုး မလုပ်ရင် တရုတ်လို ပြိုင်ဘက်တွေက ကျော်တက်သွားလိမ့်မယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ဩဂုတ် ၁၃ ရက်နေ့က မတ်စ်ခ်နဲ့ အင်တာဗျူး podcastတစ်ခုကို Xမှာ ပြုလုပ်ခဲ့ပြီး စောင့်ကြည့်သူ သန်းပေါင်းများစွာ ရှိခဲ့တာကိုလည်း ဂုဏ်ယူမိကြောင်း ပြောခဲ့ပါသေးတယ်။ အဲဒီအစီအစဉ်ဟာ နည်းပညာပိုင်း ပြဿနာ တချို့ကြောင့် သတ်မှတ်ချိန်ထက် နှောင့်နှေးပြီးမှ စတင်နိုင်ခဲ့ပြီး ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီရဲ့ လှောင်ပြောင်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

Ref: ANI