ဧရာဝတီတိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အင်အားအပြိုင် စုဆောင်းနေ

Photo – Google

ဩဂုတ်၊ ၂၃

ဧရာဝတီတိုင်းမှာ ဩဂုတ်လ ဒုတိယပတ်အတွင်းကစပြီး စစ်ကောင်စီဘက်ကရော ၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပါ လူသစ်စုဆောင်းမှုတွေ အရှိန်မြင့်နေတယ်ပြီး၊  စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ငွေကြေးကောက်ခံတာတွေရှိနေပါတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဆီမှာ ဒီတခေါက် စစ်မှုထမ်းဖို့ အမျိုးသမီးတွေကိုပါ စာရင်းကောက်မယ်ဆိုပြီး သတင်းထွက်နေတယ် ။ အရပ် ၅ ပေ အထက် ပေါင်ချိန် တရာပြည့်ရမယ်လို့ သတ်မှတ်ထားတယ် ကြားတယ်။ စစ်မှုထမ်းမလိုက်ရဖို့ ၊ စစ်မှုထမ်းလိုက်ရတဲ့သူတွေ ထောက်ပံ့ပို ခေါင်းစဉ်တွေနဲ့လည်း ငွေကတော့ ဆက်ကောက်နေတယ် ။ အထူးသဖြင့် ပင်လယ်ပိုင်းက အုပ်ကြီးတွေက ငွေရှာပေးတာနဲ့ လူသစ်စုဆောင်းတဲ့ အလုပ်တွေ လုပ်ပေးနေကြတယ်”လို့ ဘိုကလေး ဒေသခံတဦးက DNA ကိုပြောပါတယ် ။

ဟင်္သာတမြို့နယ်ထဲမှာတော့ စစ်ကောင်စီက တပ်သားစုဆောင်းတာကို  လေးကြိမ်မြောက် အထိခေါ်ပြီးသွားတဲ့အတွက် ဒီလပိုင်းထဲမှာ ၅ ကြိမ်မြောက် လူသစ်စုဆောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

“ထောင်ထွက်၊ ရပ်ကွက်ထဲ မူးနေတဲ့ သူတွေကို ငွေထုပ်ပြပြီး သူ့မိသားစု ကျေနပ်အောင် သိန်းနှစ်ဆကနေ လေးဆယ်အထိပေးပြီး လူစားထည့်တာမျိုးရှိတယ် ။ တချို့ရပ်ကွက်တွေမှာကျတော့လည်း ကိုယ်တိုင်စာရင်းပေးပြီး တက်ကြွပြီး ဝင်သွားတဲ့ ကောင်တွေလည်းရှိတယ် ။ အနည်းအပါးပါ” လို့ ဟင်္သာတသားတဦးက DNA ကိုပြောပါတယ် ။

တဖက်မှာလည်း တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ဟင်္သာတခရိုင် တပ်ရင်း ၊ ပုသိမ်ခရိုင်တပ်ရင်း နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တွေကလည်း စစ်သားစုဆောင်းတာတွေ လုပ်ဆောင်လာနေပါတယ်။

“အခု ဧရာဝတီတိုင်းအနားမှာ ဖြစ်နေတဲ့ စစ်ရေးအခြေအနေလည်း သိကြမှာပေါ့ ။ အဲဒါနဲ့လည်း ယှဉ်တယ်ပေါ့ နောက်တခုက ကျွန်တော်တို့ ဧရာဝတီက အဖွဲ့အစည်းတွေကိုယ်တိုင်လည်း မဟာမိတ် EAO တွေရဲ့ စစ်ဆင်ရေးတွေထဲမှာလည်း ဝင်ပါနေ တိုက်ပွဲ အတွေ့အကြုံ ယူနေတာတွေလည်း ရှိတယ်။ အဲဒီတော့ အင်အားပြန်လည်ဖြည့်တင်းရတာတွေ နောက်ပြီး ဧရာဝတီတိုင်းကို ဝင်ရောက်လှုပ်ရှားတဲ့ အချိန်မှာ ရှိတဲ့ အင်အားနဲ့ မလုံလောက်တာတွေကြောင့် လူသစ်စုဆောင်းတဲ့ သဘောပါ”လို့ PLF အဖွဲ့ရဲ့ ဗဟိုကော်မတီ ဥက္ကဌ ရဲဘော်သက်လွင်ဟိန်းက ရှင်းပြပါတယ် ။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်မျက်နှာများစွာ ဖွင့်ထားရပြီး လူသားအရင်းအမြစ် များစွာလိုအပ်နေချိန်ဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး လူသစ် စုဆောင်းနေပေမယ့် လူငယ်အများစုဟာ စစ်မှုမထမ်းလိုကြပဲ ပြည်ပကို တိမ်းရှောင်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကိုသာ ဝင်ရောက်မှုများပြားတာ၊ အညာနဲ့ တိုင်းရင်းသားဒေသတွေမှာ အုပ်ချုပ်ရေးစနစ် မတည်ဆောက်နိုင်တော့တဲ့ အခြေအနေတွေကြောင့် ဧရာဝတီတိုင်းက လူငယ်တွေဟာ စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေတယ်လို့လည်း ရဲဘော်သက်လွင်ဟိန်းက မှတ်ချက်ပြုပါတယ်။

“သူတို့လည်း မရ၊ ရတာ ဆွဲလာနေတာကို တွေ့ရတယ်။ ဟိုရက်ကဖွဲ့တဲ့ ပြည်သူ့လုံခြုံရေး ကာကွယ်ရေးအဖွဲ့ လိုဟာမျိုး အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့လိုဟာမျိုးမှာ ဆိုလည်း ကျွန်တော်ကြားတာတော့ အသက်ခြောက်ဆယ်လောက် အထိလူတွေပါ သင်တန်းပေးပြီး လက်နက်တပ်ဆင်မယ်ကြားတယ်”လို့ ရဲဘော် သက်လွင်ဟိန်းက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ဆက်ကြေးပုံစံ ငွေကြေးကောက်ခံမှုတွေလည်း ဒီလအတွင်း ပိုမိုများပြားလာတယ်လို့ ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်းဒေသခံတဦးက ပြောပါတယ်။ 

သာပေါင်းမြို့နယ်ထဲက ထန်းဇင်လှ၊ ကညင်ပင်၊ ကျုံတဒွန်း ၊ ထန်းတပင်၊ ဆပ်သွား၊ ရှောပြာကုန်း၊ ကျီးပင်၊ ကမ္ဘဲ့ညောင်ကုန်း၊ ရွှေရောင်ချ၊ သစ်ပုတ်ကုန်း စတဲ့ ရွာတွေမှာ ၁၈ နှစ်ကနေ ၃၁ နှစ်ကြား လူငယ်လူရွယ် ရှိတဲ့ အိမ်ထောင်စုတစုကို လေးသောင်းကနေ ငါးသောင်းကြား တောင်းယူနေတယ်လို့ ဆိုပါတယ်။

“တအိမ်တက်ဆင်း လိုက်တောင်းတာ ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရယ် ၊ စာရေးတွေရယ် စာရင်းပါတဲ့ အိမ်တွေကို တအိမ်တက်ဆင်း အလှူငွေလောက်ကောက်သလိုကိုတောင်းတာ”လို့ သာပေါင်း ဒေသခံတဦးက ပြောတာပါ ။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တားမှာ အခြေခံအကျဆုံး ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ မြေပြင်မှာ စစ်သားစုဆောင်းတာ ၊ ငွေကြေးကောက်ခံတာတွေကို အဓိက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဘက်က မြေပြင်မှာ စစ်ကောင်စီ အလိုကျ  လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှုးတွေကို ဒလန်ခေါင်းစဉ်နဲ့ ရှင်းလင်းတဲ့ ဖြစ်စဉ်တွေ ဧရာဝတီတိုင်းအတွင်းမှာ ခပ်စိပ်စိပ် တွေ့လာနေရပါတယ်။ နောက်ဆုံး အနေနဲ့ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာ သာပေါင်းမြို့နယ် ၊ မြေနုရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးကို ဒေသခံတပ်ဖွဲ့တခု ဖြစ်တဲ့ Ayeyarwaddy Eagle Force အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီအခြေအနေဟာ မကြာမီအချိန်အတွင်းမှာပဲ ဧရာဝတီတိုင်းထဲက ပုသိမ်ခရိုင် နဲ့ ဟင်္သာတခရိုင်အထိ ပြည်တွင်းစစ်မီးဟာ ကူးစက်လာမယ်လို့ ခန့်မှန်းတွက်ဆမှုတွေ ရှိနေပါတယ်။