ဩဂုတ်၊ ၂၂
နိုင်ငံစီးပွားရေး အရမ်းကျပ်တည်းနေတဲ့ ကာလမျိုးမှာ သမ္မတက လေယာဉ်အသစ် ဝယ်စီးတာကြောင့် နိုက်ဂျီးရီးယား ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။
နိုက်ဂျီးရီးယားမှာ ငတ်မွတ် ခေါင်းပါးမှု၊ နေထိုင်စရိတ် ကြီးမြင့်မှု ပြဿနာတွေအပေါ် မကျေနပ်လို့ လူတွေ ထောင်ချီပြီး လမ်းပေါ်တက် ဆန္ဒပြခဲ့တာ နှစ်ပတ်လောက် အကြာမှာပဲ သမ္မတက လေယာဉ်အသစ် ဝယ်စီးတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုက်ဂျီးရီးယားဟာ မျိုးဆက်တခုစာလောက် ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့နေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။
အာဖရိကတိုက်ရဲ့ လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီးမှာ ပြီးခဲ့တဲ့နှစ်က သမ္မတအဖြစ် ရွေးကောက်ခံရသူ ဘိုလာ တီနူဘူဟာ နိုင်ငံစီးပွားရေး ပြဿနာကို ပြေလျော့စေဖို့အတွက် ပြုပြင်ပြောင်းလဲရေး အစီအမံ တချို့ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထဲမှာ လူထုအတွက် စက်သုံးဆီ ဝယ်ယူရေး အစိုးရ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းတာမျိုးလည်း ပါဝင်ခဲ့ပြီး အကျိုးဆက်ကတော့ ကုန်စျေးနှုန်းတွေ မြင့်တက်မှုကို ပိုမို တွန်းအားပေးသလို ဖြစ်သွားပါတယ်။ အခုဆိုရင် နိုက်ဂျီးရီးယားရဲ့ ကုန်စျေးနှုူန်းဟာ သာမန် ဖြစ်သင့်တဲ့ အတိုင်းအတာထက် ၃၀ ရာခိုင်နှုန်း ထိုးတက်နေပါတယ်။
ဇန်နဝါရီလတုန်းက တီနူဘူဟာ အသုံးစရိတ် ချွေတာတဲ့ အနေနဲ့ သူကိုယ်တိုင် အပါအဝင် အစိုးရ ခရီးစဉ်တွေရဲ့ ၆၀ ရာခိုင်နှုန်းကို လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ် အစောပိုင်းမှာတော့ သူဟာ အသစ်စက်စက် မှာယူထားတဲ့ Airbus A330 လေယာဉ်ကို စီးပြီး ပြင်သစ်နိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီ လေယာဉ်ဟာ နိုက်ဂျီးရီးယား သမ္မတရဲ့ စီးတော်လေယာဉ် အစုအဖွဲ့ထဲကို အသစ်ရောက်လာတာပါ။ နိုက်ဂျီးရီးယား သမ္မတအတွက် ဝယ်ယူထားတဲ့ လေယာဉ် စုစုပေါင်းက ၅ စီးထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။
လေယာဉ်အသစ်အတွက် ဘယ်လောက် ကုန်ကျသလဲ ဆိုတာနဲ့ ပြင်သစ် ခရီးစဉ်က ဘယ်လိုရည်ရွယ်ချက်နဲ့ သွားရောက်ခဲ့တာလဲ ဆိုတာတွေကို အစိုးရက မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ နိုင်ငံစီးပွားရေး ဇောက်ထိုးကျနေချိန် သမ္မတက လေယာဉ်သစ် ဝယ်စီးတယ် ဆိုတာကို ကြားလိုက်ရတဲ့အခါ နိုက်ဂျီးရီးယား ပြည်သူတွေက လူမှုကွန်ရက် မီဒီယာတွေမှာ အပြင်းအထန် ဝေဖန် ရှုတ်ချနေကြပါတယ်။
သမ္မတ စီးတော်လေယာဉ်သစ် ဝယ်ယူမှုအတွက် လွှတ်တော် ထောက်ခံချက် ရယူခဲ့သလား ဆိုတာကို အတိအကျ မသိရသေးသလို အခု ဘဏ္ဍာရေးနှစ် အသုံးစရိတ်ထဲမှာလည်း အဲဒီကိစ္စကို ထည့်သွင်း ဖော်ပြထားတာ မတွေ့ရပါဘူး။ အစောပိုင်းတုန်းကတော့ နိုက်ဂျီးရီးယား အာဏာပိုင်တွေက သမ္မတရဲ့ လက်ရှိ အသုံးပြုနေတဲ့ လေယာဉ်တွေဟာ သက်တမ်း အိုဟောင်းနေပြီ ဖြစ်တာကြောင့် ထိန်းသိမ်းစရိတ်တွေ အရမ်းထောင်းပြီး အသစ်တွေနဲ့ အစားထိုး လဲလှယ်သင့်နေပြီဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။
Ref: BBC