Photo – အမှတ် ၁ စစ်ဒေသ/ 96 soldiers အညာဒေသ
ဩဂုတ်၊ ၂၁
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲအတွင်း ရဲစခန်းအချုပ်ထဲ ဖမ်းဆီးထားတဲ့ အချုပ်သား နှစ်ဆယ်ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က နှစ်ဆယ်နီးပါး သေဆုံး ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ် ဒေသက ထုတ်ပြန်အသိပေးပါတယ်။
တိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့တဲ့ အချုပ်သားတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့၊သစ်ကိစ္စနဲ့ စစ်ကောင်စီဖမ်း ထားသူတွေ၊တခြားအမှုတွေနဲ့ဖမ်းဆီးခံထားရသူတွေပါဝင်တယ်လို့ ဒီပဲယင်းဒေသခံ တော်လှန်ရေးအင်အားစုဝင် တဦးက DNAကိုပြောပါတယ်။
စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီးပြီး အင်အား ရှစ်ဆယ်လောက်အခြေပြုနေတဲ့ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၁၅ရက်ညပိုင်းမှာ စတင်ထိုးစစ်ဆင်ကာ ဩဂုတ် ၁၈မနက်အစောပိုင်းမှာ သိမ်း ပိုက်နိုင်ခဲ့တာလို့ အမှတ်၁ စစ်ဒေသထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေဖြစ်တဲ့ ရဲစခန်း၊ထွေအုပ်ရုံး၊ဝန်ထမ်းအိမ်ရာ၊ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ဇွဲစားသောက်ဆိုင်နဲ့ အထကကျောင်းတို့ကို တော်လှန်ရေးတပ်တွေကသုံးရက်ကြာ တိုက်ခိုက်ပြီး နောက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် နေ့တွင်းချင်းပြန်ဆုတ်ခွာခဲ့ရပါတယ်။
စစ်ကောင်စီက မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)လက်အောက်ခံ တပ်ဖွဲ့ဝင် တရာကျော်ကို ရဟတ်ယာဉ်တွေနဲ့လေကြောင်းကနေပို့ခဲ့တာကြောင့် ဒီပဲယင်းမြို့ထဲကနေပြန်ဆုတ်ခဲ့ရတာလို့ အမှတ် ၁ စစ်ဒေသကဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၂လက်၊ကျည်မျိုးစုံ ငါးထောင်ဝန်းကျင်၊ဗုံးသီးနဲ့မိုင်း စုစုပေါင်း ရှစ်ဆယ် နီးပါး၊ငွေကျပ် သိန်း၃၄၀တို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် ရေဦးမြို့ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်အင်အား ခြောက် ဆယ်လောက်ကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသကဖော်ပြ ပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ၊ရေဦးဘက်က စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် လက်ရှိမှာ ဒေသခံ ထောင် ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကလည်းပြောထားပါတယ်။
မြို့ထဲကနေ ပြန်ဆုတ်ခွာခဲ့တဲ့ တော်လှန်ရေးတပ်တွေက အချုပ်သားနှစ်ဆယ်နဲ့ ဒေသခံပြည်သူ ၇၂ဦးကိုကယ် ထုတ်ခဲ့သလို လက်နက်ချခဲ့တဲ့ပျူစောထီးနှစ်ဦး၊Non CDM ဝန်ထမ်း ၄၀ဦးတို့ကို တပါတည်း ခေါ်ဆောင်ခဲ့တာလို့ အမှတ် ၁စစ်ဒေသက အသိပေးဖော်ပြပါတယ်။
မြေပြင် တော်လှန်ရေးအင်အားစုတွေကတော့ မြို့သိမ်းနိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေ ဒီပဲယင်းမြို့ထဲက ပြန်ဆုတ်ခဲ့ရပေမယ့် စစ်ကောင်စီထောက်တိုင်ဌာနဆိုင်ရာအဆောက်အအုံတွေကိုဖျက်ဆီးနိုင်ခဲ့သလို Non-CDM ဝန်ထမ်းတွေကိုလည်း ခေါ်ဆောင်လာတာကြောင့် စစ်ကောင်စီယန္တရားတွေပြန်အသက်သွင်းဖို့ မဖြစ်နိုင်တဲ့ အခြေ အနေလို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ်တွေမြို့တွင်းမှာ ပြန်လည်နေရာယူထားတဲ့ ဒီပဲယင်းမြို့မှာတော့ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက် ဌာနဆိုင်ရာရုံးအဆောက်အအုံတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေပြီး မြို့တွင်းကနေ လက်နက်ကြီးတချို့ ပစ်ခတ်မှုလည်းရှိတယ်လို့ ဒီပဲယင်းဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်တွေ မြို့တွင်းမှာ ပြန်လည်နေရာယူတပ်စွဲထားပေမယ့် စစ်ရေးတင်းမာနေ ဆဲအခြေအနေဖြစ်ပြီး ဒေသခံစစ်ရှောင်တွေလည်း နေရပ်မပြန်နိုင်သေးတာကြောင့် အကူအညီတွေလိုအပ်နေပြီး စစ်ရှောင်ကူညီရေးအဖွဲ့တွေက စားရေး၊နေရေးအပါအဝင် အကူအညီတွေပေးနေရပါတယ်။