Photo – CJ
ဩဂုတ်၊ ၂၁
ရန်ကုန်မြို့ ၊ဒေါပုံမြို့နယ်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါကူးစက်မှုတွေဖြစ်နေပြီး မနေ့ကနဲ့ဒီနေ့ နှစ်ရက်အတွင်း ကလေးငယ် တဦးအပါအဝင် လူနှစ်ဦးသေဆုံးသွားပြီလို့ ဒေသခံတွေက DNAကိုပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ်ကွက် ကမ်းနားလမ်းက အသက် ၅ နှစ်အရွယ်ကလေး ငယ် တဦးနဲ့ အသက်၅၀ အရွယ်အမျိုးသားတဦးဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါ တယ်။
“အမျိုးသားလူကြီးက မနေ့ကဆုံးတယ် ကလေးလေးက ဒီနေ့ဆုံးတာ။ အမျိုးသားက တခါပဲဝမ်းသွား ရသေးတယ်၊မျက်တွင်းတွေကျပြီးဆုံးသွားတာ ။ ဆေးရုံတောင်ပို့ချိန်မရဘူး ။ကလေးကတော့ မနေ့က ဆေးရုံ တင်တယ် ဒီနေ့ဆုံးတာ”လို့သူကပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရပ်ကွက်အတွင်း လူဆယ်ဦးထက်မနည်းဆေးရုံတင်ထားရတယ်လို့လည်း သိ ရပါတယ်။အခုလို ရပ်ကွက်အတွင်း ဝမ်းပျက်၊ဝမ်းလျှော ရောဂါဖြစ်သူတွေ များလာတဲ့နောက် မနေ့ နေ့လယ် ပိုင်းကစပြီး စစ်ကောင်စီရဲ့ ဒေါပုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ တလမ်းဝင် တလမ်းထွက် အသံချဲ့စက်နဲ့ သတိပေး တာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။
“လူကြီးတွေက မနေ့က အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ကမ်းနားထိလာပြီးလော့ဒေါင်းချမယ်ပြောတယ်။ ပြင်း ထန်ဝမ်းရောဂါကြောင့်လက်လုပ်မုန့်တွေမစားဖို့လည်း ပြောတယ်။မရောင်းဖို့လည်း ပြောသွားတယ်”လို့ ဒေါပုံ ကမ်းနားလမ်းက အမျိုးသမီးတဦးကပြောပါတယ်။
ဒီနေ့မနက်မှာတော့ အဲ့ဒီရပ်ကွက်ထဲကို ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ကျန်းမာရေး တာဝန်ခံတွေလာပြီး ဆေးဖျန်း တာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့အထိ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစလို့ ရန်ကုန်မြို့ကမြို့နယ်အများအပြားမှာ ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွား သူတွေများပြားခဲ့ပြီး ကူးစက်ရောဂါတခုဖြစ်တဲ့ ကာလဝမ်းရောဂါဖြစ်ပွားမှုတွေရှိနေတယ်လို့ ပြောဆိုသုံးသပ် မှုတွေရှိခဲ့ပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်းအတွင်းက ဆေးရုံတွေမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါလက္ခဏာနဲ့လာရောက်ကုသရသူရာချီရှိခဲ့ပေမယ့် ကာလဝမ်းရောဂါဖြစ်သူ အနည်းစုသာရှိ တယ်လို့ဖော်ပြခဲ့ပါတယ်။
ဒေါပုံမြို့နယ်နဲ့ထိစပ်နေတဲ့ သာကေတမြို့နယ် ထူပါရုံရပ်ကွက်၊ အနော်မာရပ်ကွက်နဲ့ ဆယ်တောင်ရပ်ကွက် တွေ မှာတော့ အဲ့ဒီရောဂါကူးစက်မှုတွေကြောင့် လူသေဆုံးမှုတွေပါရှိခဲ့တာပါ။သာကေတမြို့နယ်အတွင်း ဝမ်းရော ဂါကူးစက်မှုတွေမြင့်တက်ခဲ့ချိန် စစ်ကောင်စီအာဏာပိုင်တွေက လမ်းဘေးဈေးဆိုင်တွေရောင်းချခွင့်ပိတ်ပင်ခဲ့ပါ သေးတယ်။
လက်ရှိမှာလည်း အနော်မာရပ်ကွက်နဲ့ ဒေါပုံကမ်းနားလမ်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေထပ်မံဖြစ်ပွားလာ တာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုမြင့်တက်နေကြပါတယ်။